လမ်းမတော်ဖိုးတုတ်


လမ်းမတော်ဖိုးတုတ် 

ဖိုးတုတ်ရဲ့ မိခင်ကြီးဒေါ်ချစ်ပုဟာ ရန်ကုန်မြို့ (၁၄)လမ်းမှာ ဈေးရောင်းပြီး အတန်အသင့် ချောင် လည်တဲ့ မိသားစုပါ။ ဖိုးတုတ်မှာ ညီ ကိုဘသိန်း၊ ညီမ ဒေါ်မမလေးတို့ရှိပြီး အရပ် ၅ ပေ ၈ လက်မ၊ အသားညိုညို နှုတ်ခမ်းမွှေးထားတတ်တဲ့ ဖိုးတုတ် ဟာ ဘ၀ကို အပူအပင်မရှိ ဖြတ်သန်းနိုင် ခဲ့သူပါ။ ဖိုးတုတ် ဟာ သူနေတဲ့ လမ်းမတော် (၁၄) လမ်းမှာ အတန်းအစားပေါင်းစုံနဲ့ အပေါင်းအသင်း ဆန့်သူ တစ်ယောက်ဖြစ် ပြီး လူငယ်ပီပီ ဂျင်ဝိုင်း၊ ကြက်ဝိုင်း တွေမှာ လှည့်လည်ပျော်ပါး အချိန်ဖြုန်းရင်း တစ်ခါတစ်ရံ မိခင်ကို ကူညီဈေးရောင်းရင်းနေခဲ့သူပါ။ ဦးလေးတော်သူ ရဲ့ မြို့တွင်းဆွဲ မော်တော်ကား မှာ စပါယ်ရာလိုက်လုပ်ခဲ့ပေမယ့် မဟုတ်မခံစိတ်ကြောင့် ခဏခဏ ရိုက်မှုဖြစ်ပြီး အလုပ်ထွက်ခဲ့သူ တစ်ဦးဖြစ် ပါတယ်။
လူမိုက်ဘ၀ကဒီလိုစ
ဖိုးတုတ်ကို လူမိုက်ဘ၀ရောက်အောင် စတင်ခဲ့တဲ့ သူကတော့ လမ်းမတော်ဖိုးတုတ် ခေတ် မတိုင်ခင် လမ်းမတော် လူမိုက်ကြီးဖြစ် ခဲ့တဲ့ ပုဏ္ဏား ဘထွန်း ပါပဲ။ အဲ့ဒီခေတ်က လမ်းမတော်မှာ ပုဏ္ဏား ဘထွန်း၊ သိမ်ကြီးဈေးဆိုရင် လှဖေ၊ ဗိုလ်တစ်ထောင် ကျောက် တံတားဘက်ကျတော့ မတ်စတီးခန်း၊ ကြည့်မြင့်တိုင် မှာက ကြက်ကျား၊ ဘားလမ်းမှာ ဟူစိန် ဆိုပြီး ရန်ကုန်မြို့မှာ သူ့အပိုင်းနဲ့သူ အပိုင်စား လူမိုက်ကြီးတွေ ကြီးစိုးခဲ့ ပါတယ်။ရန်ကုန်မြို့ အုပ်ချုပ်ရေးမှာ ပုလိပ်အင်အားနဲ့ လူဦးရေ မမျှတဲ့အတွက် ပုလိပ်တွေဟာ နယ်မြေတိုင်းက အပိုင်စား လူမိုက်တွေကို ခါးပိုက်ဆောင် ထဲထည့်ပြီး အုပ်ချုပ်ခိုင်းလေ့ ရှိပါတယ်။ နယ်မြေအပိုင် လူမိုက်တွေဟာ ကိုယ်ပိုင်တဲ့ နယ်မြေထဲက ဈေးရောင်း ဈေးဝယ် စီးပွားရေး သမား တွေရဲ့ ကာကွယ်ပေးဖို့ ဆက်တဲ့ လစဉ်ကြေးကို ခံစားလေ့ ရှိပါတယ်။ အဲ့ဒီလူမိုက်တွေ ထဲမှာမှ ပုဏ္ဏား ဘထွန်း က ကြောက်စရာ အကောင်း ဆုံး အဖြစ် နာမည်ကြီး ပါတယ်။ ပုဏ္ဏားဘထွန်းရဲ့ နောက်မှာ ဗိုလ်တစ်ထောင်က ကုလားသူဌေး တစ်ဦးလည်းဖြစ် လူမိုက်တစ်ဦးလည်း ဖြစ်တဲ့ မတ်စတီး ခန်း ရှိပါတယ်။ ပြီးတော့ ပုလိပ် မင်းကြီးနဲ့လည်း ပုဏ္ဏားဘထွန်း ဟာ ပုဂ္ဂိုလ်ရေး အရ အင်မတန် ရင်းနှီးတယ်လို့ နာမည်ကြီး ပါတယ်။ အဲ့ဒီအချိန်မှာ ဖိုးတုတ် ကလည်း လမ်းမတော်တ၀ိုက်မှာ နည်းနည်းလေး နာမည်ထွက်လာတဲ့ ဇ ရှိတဲ့ လူငယ် ခြေတက် ကလေးပေါ့။ ဒီလိုနဲ့ ပြဿနာ စတက်တယ်။ ဖြစ်ပုံက ဒါလ်ဟိုဇီလမ်း မှာ အပိုင်စားပြီး ဈေးသည်တွေကို မိုက်ကြေးလိုက် ခွဲနေတဲ့ မတ်စတီးခန်းရဲ့ တပည့် မာမွတ် နဲ့ဖိုးတုတ် တို့ စကားများရာ က ဖိုးတုတ်က မာမွတ် ကို မူလီ ခေါင်းတပ် တုတ် နဲ့ မသေမရှင် ရိုက်လိုက်ရာက စတာပါ။
မာမွတ်ကို ရိုက်လိုက်တဲ့ ကိစ္စအတွက် လူမိုက်ကြော နောကြေနေ တဲ့ မတ်စတီးခန်းက သူ့တပည့် တွေကို ဖိုးတုတ်ကို ရန်သွား မရှာကြဖို့၊ ဖိုးတုတ် ဟာ မီးခဲ ဖြစ်လာနိုင်တယ် ဆိုပြီး တားမြစ်ခဲ့ ပါသေးတယ်။ ဒါပေမယ့် မာမွတ် ကိစ္စ မကျေနပ်တဲ့ မတ်စတီးခန်း တပည့် နှစ်ယောက် က ဖိုးတုတ် ကို ပြဿနာရှာကြရာမှာ နှစ်ယောက်လုံး ဖိုးတုတ်က ဓါးမြောင်နဲ့ ထိုးလွှတ်လိုက် ပါတယ်။ ဒါပေမယ့်လည်း မတ်စတီးခန်းရော၊ ပုဏ္ဏားဘထွန်း ပါ ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာမှ ဖိုးတုတ်ကို ပြသနာလာမရှာကြတာကိုက ဖိုးတုတ် အတွက် ၀ိရောဓိ ဖြစ်စရာ ကိစ္စ တစ်ခုဖြစ်နေ ပါတယ်။ ပုဏ္ဏားဘထွန်းက သူ့လူကို ထိရင် ဘယ်လိုပြန်လုပ် တတ်သည် ဆိုတာ ရာဇ၀င်တွေ ရှိတာကို ဖိုးတုတ်သိသည်။ ဒီအတိုင်းထိုင်နေပြီး သူလာမယ့် အချိန် စောင့်နေတာထက် ပုဏ္ဏားကို သွားရှင်း မည်။ ပြီးတော့ နယ်မြေအပိုင်လူမိုက်တွေကို တစ်ယောက်ပြီး တစ်ယောက် ဆက်ရှင်းဖို့ ဆုံးဖြတ်လိုက် ပါတော့တယ်။
ဖိုးတုတ် လူမိုက်ဖြစ်သွားပြီ
၁၉၃၂ ခုနှစ်၊ ရန်ကုန်မြို့၊ လမ်းမတော် (၁၁)လမ်း၊ လမ်းမတော် တစ်ရပ်ကွက်လုံးမှ ဆင်းရဲသား၊ လူချမ်းသာ၊ ဖိုးတုတ်၏ မိဘများပါ မကျန် ဖိန့်ဖိန့်တုန်အောင် ကြောက်ရွံ့ရသော၊ ရန်ကုန်မြို့ အတွင်းရှိ အခြား နယ်မြေ အပိုင်စား လူမိုက် အချင်းချင်းပင် ဆရာကြီး ဟု ရှေ့က တပ်ခေါ် ရလေသော ပုဏ္ဏားဘထွန်း ၏ အိမ်ရှေ့သို့ မြနေအောင်သွေးထားသည့် ငှက်ကြီးတောင် ဓါးဖြင့် လူမိုက် ပေါက်စ တစ်ယောက် ရပ်နေသည်။ ဖိုးတုတ် ငှက်ကြီးတောင်ဓါးကို ကျစ်ကျစ်ပါအောင် ဆုတ်ပြီး တစ်ယောက်ချင်း ဓါးချင်း ယှဉ်ခုတ်မည် အိမ်ပေါ်က ဆင်းခဲ့ဖို့ စိန်ခေါ် ပါတယ်။ တပည့်တပန်း အလွန်ပေါ များပြီး လူမိုက် အချင်းချင်းပင် ကြောက်ရသော လူမိုက်ကြီး ပုဏ္ဏား ဘထွန်း အိမ်ပေါ်က လုံးဝ ဆင်းမလာ။ တကယ် တော့ ပုဏ္ဏား ဘထွန်း နဲ့ ဖိုးတုတ် အသက်ချင်း အရွယ်ချင်း ကွာလွန်းနေပြီ။ ဘယ်လောက်ပဲ မိုက်ခဲ့မိုက်ခဲ့ နွားအိုက ပေါင်ကျိုး နေပြီ ဖြစ်တဲ့ ပုဏ္ဏားအနေဖြင့် ဖိုးတုတ် နှင့် တစ်ယောက်ချင်း ယှဉ်လို့ မဖြစ်နိုင်တော့မည်မှန်း သိသည်။ အိမ်ပေါ်က လုံးဝဆင်းမလာ။ အကြိမ်ကြိမ် စိန်ခေါ်ပြီး ဖိုးတုတ်က စကားတစ်ခွန်းပြောသွားသည်။ "ခင်ဗျားက လူမိုက်ပုဏ္ဏား မဟုတ်တော့ဘူး.. ဆန်တောင်းတဲ့ ပုဏ္ဏား ဖြစ်သွားပြီ။ ဖိုးတုတ် ဒီနေ့ကစပြီး လမ်းမတော် လူမိုက်ဖြစ်သွားပြီ” တကယ့် ၀ါရင့် လူမိုက်ကြီး ပုဏ္ဏား ဘထွန်း ကိုပင် အိမ်ရှေ့သွား စိန်ခေါ်သော ဖိုးတုတ် သတင်း က တစ်ခြား နယ်ပယ်ပိုင် လူမိုက်ကြီးတွေကြား ဂယက်ရိုက် သွားပါတော့တယ်။ အဲ့ဒီလိုနဲ့ ရန်ကုန် လူမိုက်လောကမှာ လမ်းမတော်ဖိုးတုတ် က အချိန်တိုအတွင်း နေရာရခဲ့သူတစ်ယောက် ဖြစ်ခဲ့ပါတယ်။
နယ်ချဲ့ဖိုးတုတ်
အဲ့ဒီခေတ်က ရန်ကုန်မြို့ ရပ်ကွက် အသီးသီးမှာ တစ်ဗိုလ်တစ်မင်း စိုးမိုး မင်းမူ နေသည့် ရပ်ကွက် အပိုင်စား လူမိုက်များသာ ကြီးစိုးပါတယ်။ လူမိုက် အချင်းချင်း နယ်မကျော် ကြပဲ နယ်ကျော် တဲ့ လူမိုက်တွေ အတွက်လည်း ဇာတ်သိမ်း မကောင်းခဲ့တာ ထုံးစံလိုဖြစ်နေခဲ့ပါတယ်။ ဒါပေမယ့် လမ်းမတော်ဖိုးတုတ်ကတော့ လမ်းမတော်တစ်ရပ်ကွက်ထဲမှာ ထိုင်ပြီး မင်းမူနေရုံနဲ့ ကျေနပ်နိုင်သူမဟုတ်ပါဘူး။ ဖိုးတုတ် ပထမဆုံး မျက်စောင်း ထိုးတာ ကတော့ ပန်းဆိုးတန်းလမ်းပါ။ ပန်းဆိုးတန်း လမ်းမှာက ဗိုလ်တစ်ထောင်၊ ကျောက်တံတား လူမိုက် မတ်စတီးခန်း ကြီးစိုးနေ ပါတယ်။ မတ်စတီးခန်းက တော့ သူ့လက်ရုံး မာမွတ် ကိစ္စပြီးကတည်းက ဖိုးတုတ်ကို ရှောင်ဖို့ သူ့ တပည့် တွေကို မှာပါတယ်။ ဒါပေမယ့် ဖိုးတုတ် ပန်းဆိုးတန်းကို ကိစ္စတစ်ခု နဲ့သွားတဲ့ ညမှာ မတ်စတီးခန်း တပည့် တစ်ယောက်က နယ်ကျော် လာတယ် ဆိုပြီး ဖိုးတုတ်ကို ရင့်ရင့်သီးသီး ပြောခဲ့တဲ့ အတွက် အဲ့ဒီ လူမိုက် ဟာ ဖိုးတုတ် ဓါးချက်နဲ့ အူပွင့်တဲ့အထိ အထိုးခံခဲ့ ရပါ တော့တယ်။ မတ်စတီးခန်း ဟာ ဖိုးတုတ် နဲ့တိုက်ရိုက်တွေ့မယ် ထင်ခဲ့ပေမယ့်… သူတကယ် ရင်ဆိုင်လိုက်ရတာက သူ့ဗိုလ်တစ်ထောင်နယ်ထဲက လူမိုက်ပေါက်စလေး ငမိုး ပါပဲ။ မတ်စတီးခန်း ရဲ့ တပည့်တွေ ကြီးစိုးနေတဲ့ ဗိုလ်တစ်ထောင် ဘုရားပွဲတော် ညတစ်ညမှာ ဗိုလ်တစ်ထောင်မြို့နယ်ထဲက ပျံကျပေတေနေတဲ့ ဆိုးသွမ်း လူငယ်လေး တစ်ယောက်က မတ်စတီးခန်း တပည့် ကုလားလူမိုက် (၈) ယောက်ကို ဓါးနဲ့ ၀င်ပိုင်းပါတယ်။ ကုလား လူမိုက် (၃) ယောက် သေလုမျောပါး ဒဏ်ရာရ သွားကြပြီး ကျန်တဲ့ လူမိုက် တွေလည်း ခွေးပြေး ၀က်ပြေး ပြေးခဲ့ရပါတော့တယ်။ ဒီအချိန်က စလို့ မက်စတီးခန်း ဟာ ပန်းဆိုးတန်းကို ဖိုးတုတ်လက်၊ ဗိုလ်တစ်ထောင်ကို ငမိုးလက် အပ်ပြီး လူမိုက်လောက ကနေ တစ်ဖြည်းဖြည်း နောက်ဆုတ် သွားပါ တော့တယ်။ လမ်းမတော်ဖိုးတုတ် နဲ့ မရှေးမနှောင်းမှာပဲ ဓားရေးကြွယ် ပါတယ်ဆိုတဲ့ ဗိုလ်တစ်ထောင်ငမိုး ရဲ့ နာမည်ဟာလည်း ရန်ကုန်လူမိုက်လောကမှာ တဖြည်းဖြည်းကြီးမားလာပါတော့တယ်။
ဗိုလ်တစ်ထောင် ငမိုးရဲ့ ဧည့်ဝတ်
ငမိုး ပခုံးချင်း ယှဉ်လာပြီ ဆိုတာနဲ့ လမ်းမတော်ဖိုးတုတ်က သူ့ထုံးစံအတိုင်း ထိပ်တိုက် တွေ့ဖို့ ဆုံးဖြတ်လိုက် ပါတော့တယ်။ ရန်ကုန်ရဲ့ ချမ်းစီးစီး ဒီဇင်ဘာ မနက်ခင်း တစ်ခုမှာ သက္ကလပ် အင်္ကျီ အထူစား အောက်မှာ ဓားရှည် တစ်ချောင်း ကို လွယ်ပြီး ဘိုကလေးဈေး (ဘရုတ်ကင်းဈေး) လမ်းထဲကို ၀င်လာတဲ့ ဖိုးတုတ် ကို တွေ့ရပါတယ်။ ဖိုးတုတ်က ဗိုလ်တစ်ထောင် ငမိုး အိမ်ရှေ့ ရပ်လိုက်တယ် ဆိုလျှင်ပဲ ငမိုး ဘာလုပ် ရမှန်းမသိ ပြူးပြူး ပြာပြာဖြစ်သွားပါတယ်။ ငမိုးချက်ချင်း အိမ်ပေါ်ကပြေးဆင်းပြီး လာရင်း ကိစ္စကို မေးပါတော့တယ်။ ဖိုးတုတ်က သက္ကလပ် အင်္ကျီကို စွဲချွတ်ပြီး ရင်ဘတ်ကို ကော့ပေးသည်။ “အး ငမိုး.. မင်းဓါးရေးထက် တယ်ဆိုလို့ ငါလာအထိုးခံကြည့်တာ” ဟု အော်ကြီး ဟစ်ကျယ်ပြောတော့သည်။ ငမိုးကလည်း လူနပ်…။ ပုဏ္ဏားလိုတော့ အရှက်ကွဲမခံနိုင်။ ဒီတော့ ဖိုးတုတ်ကို ပြုံးပြရင်း “ဟာ အကိုကြီးကလည်း မဟုတ်တာ။ဒီအကြောင်းတွေ မပြောပါနဲ့ ကျွန်တော်တို့ ဗမာ ညီအစ်ကိုချင်း ကြားမှာ ဒါမျိုးတွေရှိသေးလားဗျာ.. အကိုတွေ့ချင်ရင် ခေါ်ခိုင်း လိုက်ပေါ့.. တကူးတက ကျွန်တော့်ဆီ လာနေရတယ်လို့”
"အေး မင်းက ဗိုလ်တစ်ထောင်မှာ ဗိုလ်မထားဘူးဆိုလို့.. ငါကလည်း ဗိုလ်လာလုပ်တာလေကွာ”
“ဟာ… အကိုကြီးရာ ကျွန်တော့်ကို မကြိုက်တာရှိရင်ဆုံးမလို့ရပါတယ်.. နာခံပါ့မယ်.. ကျွန်တော် အကိုကြီးကို ဧည့်ဝတ်ပြုပါရစေ” ဖိုးတုတ် ဘာမှမပြောတော့ပါ… ဗိုလ်တစ်ထောင်ငမိုး ဧည့်ဝတ်ပြုတာ ကိုလည်းလက်မခံ… နယ်မြေချင်း စည်းမကျော်ဖို့ သာပြောခဲ့ပြီး ပြန်လာခဲ့ ပါတယ်။ အပြန်တွင်တော့ အလာတုန်းကလို မဟုတ်။ ဗိုလ်တစ်ထောင် ငမိုးပိုင် ရထားလုံးနှင့် ဖိုးတုတ်ကို အိမ်အရောက် လိုက်ပြန်ပို့ပေး ပါတော့တယ်။ အဲ့ဒီ အချိန်က စပြီး ဗိုလ်တစ်ထောင် ငမိုး သေဒဏ် ကျသွားတဲ့ အချိန်အထိ ဖိုးတုတ်နဲ့ ငမိုးတို့ဟာ သံခင်း တမန်ခင်း ဆက်ဆံရေးနဲ့ ဘာပြဿနာ မှ ထပ်မဖြစ်ကြတော့ပါဘူး။
သူဌေးဖိုးတုတ်
လမ်းမတော်ဖိုးတုတ် ဟာ အရင်လူမိုက်တွေလို ကိုယ့်နယ်မြေ ကျဉ်းကျဉ်းလေး ထဲ မင်းမူ နေတာ မဟုတ်တဲ့အတွက် ကြည်မြင့်တိုင်၊ ပုဇွန်တောင်၊ လသာ၊ ကမ်းနားလမ်း၊ သိမ်ကြီးဈေး လူမိုက်တွေက အစ ဖိုးတုတ်ရဲ့ တပည့်အဖြစ် ၀င်ရောက်လာပြီး နယ်မြေ ဆိုင်ရာ ဆက်ကြေး တစ်ပုံ ကို လမ်းမတော် ဖိုးတုတ်ထံ သွင်းကြ ရပါ တော့တယ်။ ရန်ကုန်မြို့ထဲက ဘိန်းခန်းများ၊ ဇိန်ခန်းများ၊ ဟိုတယ်များ၊ ပျော်ပွဲစား ရုံကြီးများမှ အစ သိမ်ကြီးဈေး၊ သံဈေးရှိ အရောင်းအ၀ယ် ဒိုင်ကြီးများ၊ လောင်းကစားဝိုင်းများ၊ ကြည့်မြင့်တိုင် စက်ဆန်း ပြေးဆွဲသော ဘတ်စ်ကားလိုင်းတွေ၊ ဂိတ်ထိုးသည့် Taxi ကားများ အဆုံး လစဉ် ဆက်ကြေး များအား ဖိုးတုတ်ထံ ပေးသွင်း ရတော့သည်။ လမ်းမတော်ဖိုးတုတ် ၀င်ငွေက တစ်လလျှင် (၃၀၀၀) နီးပါးရှိသည်ဟု ခန့်မှန်းကြသလို ဖယ်မလီယာကား (၂) စီးနှင့် မော်တော်တစီး ပိုင်သည် အထိ ကြွယ်ဝချမ်းသာ လာခဲ့တော့သည်။ လမ်းမတော် ဖိုးတုတ်က ရာဇ၀တ်မှုများ လိုက်ရာတွင် နာမည်ကြီးသော ရှေ့နေကြီး ပန်ကာအေးကို လိုလူကိုပင် ဥပဒေ အကြံပေး အဖြစ် လစာပေး ငှားထားလိုက် သေးသည်။ နာမည်ကြီး လာသည်နှင့် အမျှ အပေါင်းအသင်း များလာသည်။ ဗိုလ်အောင်ဒင် ရုပ်ရှင်မင်းသား ခင်မောင်ရင်၊ ဇာတ်မင်းသား ရွှေကျီးညို တို့ ဖိုးတုတ်နှင့် တတွဲတွဲ ဖြစ်လာသည်။ နိုင်ငံရေးလောကမှ အမတ်များနှင့် တစ်စားပွဲတည်း ထိုင်သောက်နိုင် သည်အထိ ဖိုးတုတ် ပါဝါက ကြီးမား ခဲ့သည်။
အချစ်လူကြမ်းဖိုးတုတ်
လူမိုက်ဆိုတာ ဂျိုနဲ့လားဆိုသော ဆိုရိုးစကားရှိပါတယ်။ ဖိုးတုတ်က ဂျိုနဲ့ လူမိုက် မဟုတ်ပေမယ့် နှလုံးသားနဲ့ လူမိုက်ပါ။ ဖိုးတုတ် နှလုံးသားကို ညှို့ငင် ဖမ်းစား ထားတာက လမ်းမတော်သူ တရုတ်ကပြား မသင်းမြ။ မသင်းမြက အဖေ မရှိတော့ အမေနဲ့အဒေါ်က လမ်းမတော် (၂၄) လမ်း၊ ကွမ်းတန်းဈေးတွင် ဈေးရောင်းတဲ့သူတွေ။ ဖိုးတုတ် အမေနဲ့ မသင်းမြ အမေက ဥပုသ်စောင့်၊ ဘုရားသွား အတူတူ လူရင်းတွေ။ ငွေရေး ကြေးရေး တောင့်တင်းပြီး ဖိုးတုတ် အမေ ဒေါ်ချစ်ပု ငွေလိုလျှင် မသင်းမြ တို့ မိဘတွေက ထောက်ပံ့နေကြ။ မသင်းမြကို ဖိုးတုတ် ကြိုက်တယ်။ ဒါပေမယ့် ဖွင့်မပြောရဲခဲ့။ မသင်းမြ ရှေ့ရောက် လျှင်ပင် လူမိုက်ကြီး က ရဲရဲဝံ့ဝံ့ စကား မပြောရဲရှာ။ ဒါပေမယ့် တပည့်အရင်းတွေ အပေါင်းအသင်း အရင်းတွေနဲ့ အတူတူ သောက်ကြတဲ့ အရက်ဝိုင်း မှာတော့ ဖိုးတုတ်ကြီးရဲ့ ရင်တွင်း ဝေဒနာ တွေက အန်အန် ထွက်လာ တတ်လို့ ဖိုးတုတ် ရင်တွင်းက အချစ်ဓာတ်တွေ ကို သူ့ညီဘသိန်းနဲ့ တပည့်ရင်းတွေ ဖြစ်တဲ့ လသာ လူမိုက် စံဘသောင်းရီ (ခေါ်) ဂန္ဒမာ ဆောင်းရင်၊ ကမ်းနားလမ်း အုန်းဖေ၊ လွစ်စ်လမ်း ငညွန့် ၊ တာမွေ အောင်ဘ၊ လက်ကောက်ချန်ထွန်း တို့က အူမ ချေးခါး မကြားချင်မှ အဆုံး သိထားပြီးသား။ မသင်းမြက ဘာသာတရားရဲ့ အရိပ်အောက်မှာ ကြီးပြင်းလာခဲ့တဲ့ မိန်းကလေးပီပီ ဖိုးတုတ်လို နာမည်ကြီး လူမိုက်ကို ဝေးဝေးရှောင်ပါတယ်။ ဒါပေမယ့် မသင်းမြက ဖိုးတုတ်ညီ ကိုဘသိန်း နဲ့တော့ တော်တော် ရင်းနှီး ပါတယ်တဲ့။ ဈေးထဲမှာ မသင်းမြကလည်း မဟုတ်မခံ ဇတ်ဇတ်ကြဲ ဆိုတော့ ဘသိန်းက သူ့အကိုနဲ့ စိတ်ချင်း တူသဟဲ့ဆိုပြီး မသင်းမြကို သူ့အကို ဖိုးတုတ်နဲ့ ကြိတ်သဘောတူ နေပါတယ်။
ဖြစ်ချင်တော့ အဲ့ဒီနေ့က မသင်းမြ ဈေးရောင်းတဲ့နေရာကို ဘသိန်း ရောက်လာပြီး ကိုဖိုးတုတ်က မသင်းမြကို ချစ်ကြောင်း ကြိုက်ကြောင်း ကို အောင်သွယ် ပြောပါတော့တယ်။ အဲ့ဒီမှာ မသင်းမြက ဘသိန်းကို ခဲနဲ့ကောက်ထုလိုက်ပါလေရောလား။ နဖူး အာလူး သီးကြီး ကို အုပ်ပြီး အောင်သွယ်တော် ဘသိန်းက စပ်ဖြဲဖြဲနဲ့ နောက်ကြောင်းပြန်လှည့်ပြေးလာခဲ့ပါတယ်။ အဲ့ဒီညက လမ်းမတော်ဖိုးတုတ် နှင့် တွဲဖက် ရုပ်ရှင်မင်းသားခင်မောင်ရင်၊ ဇာတ်မင်းသား ရွှေကျီညို၊ ရုပ်ရှင်မင်းသား ကျော်စိုး တို့ နန်းသီတာ ဆိပ်ကမ်းက သင်္ဘော တစ်စီး ပေါ်မှာ လေညှင်းခံရင်း အရက်သောက်ခဲ့ရာမှ အမူးလွန်သွားခဲ့ပါတယ်။ ခင်မောင်ရင် ကားနဲ့ ဖိုးတုတ်ကို အိမ်အထိ လိုက်ပို့ကြပြီး သူငယ်ချင်းတွေပြန်သွားကြတော့ ဖိုးတုတ် အိပ်ပျော်သွားပါတယ်။ မနက်မိုးလင်းတော့ အခန်းတံခါးခေါက်သံကြောင့် ဖိုးတုတ် တံခါးကို ဆွဲဖွင့်လိုက်တော့…သူ့ညီ ဘသိန်း နဲ့ တပည့်တွေက မိန်းမတစ်ယောက်ကို အတင်းဆွဲခေါ်လာပြီး ဖိုးတုတ်အခန်းထဲ အတင်း တွန်းပို့တော့ပါလေရော။
“ဟေ့ ကောင်တွေ ဒါဘာလုပ်တာလဲ"
“အကိုပဲ ညက မသင်းမြကို မရရင် သေတော့မယ်ဆို.. အဲ့ဒါနဲ့ ကျုပ်တို့ စီမံလာပေးတာ” ဘသိန်းက ပြောပြောဆိုဆိုနှင့် တံခါးကို ဆွဲပိတ် လိုက်ပြီး အပြင်က သော့ခတ်လိုက်ပါတော့တယ်။ (အမှန်က မင်းသား ခင်မောင်ရင် စနက်ပါ.. ကိုဖိုးတုတ်ကို လိုက်ပို့ရင်း ကနေ ဖိုးတုတ် ညီနဲ့ တပည့် တွေကို မင်းတို့အကိုတော့ မသင်းမြကို မရရင် နန်းသီတာဆိပ်က ခုန်ချမယ် လုပ်နေလို့ မူးအောင် တိုက်ပြီး ပြန်ခေါ် လာတာ ဆိုပြီး သရုပ်ဆောင်ပြ သွားတာကို တပည့်တွေက အတည်ထင်ပြီး အခုလို လုပ်ပေးလိုက်ကြတာပါပဲ)
ဖိုးတုတ် တပည့်တွေကို ဒေါသထွက်သလို မသင်းမြကို အားနာနေသည်။ မသင်းမြက ငိုယိုနေတာ မြင်ရတော့ သူ စိတ်မကောင်း။ ပြီးတော့ မသင်းမြ အမေတွေက သူ့အမေ ရဲ့ ကျေးဇူးရှင်တွေ။ အခုတော့ ဘသိန်းနဲ့ တပည့်တွေကြောင့် အမေ မျက်နှာပျက် ရတော့မည်။ မသင်းမြက ဖိုးတုတ်ကို ဆဲသည်။ ဖိုးတုတ်က ရှင်းပြသည်။ တကယ်တော့ ဘသိန်းနှင့် တပည့်များက မသင်းမြ အိမ်ကနေ ဈေးကို အထွက်မှာ ကားပေါ်တင် ဆွဲလာ ခဲ့ခြင်းတဲ့။ ရန်ကုန်တစ်မြို့လုံး လွှမ်းမိုးနေသည့် ဖိုးတုတ်။ ဒုစရိုက်သမားတိုင်း ဦးညွှတ်ရသောဖိုးတုတ်။ အသက် အရွယ်နှင့် ဥစ္စာပစ္စည်းရှိသော သူဌေးလေး ဖိုးတုတ်။ သေရဲ၊ သတ်ရဲ၊ ရိုက်ရဲ လူမိုက်ကြီးဖိုးတုတ်။ အခုတော့ မသင်းမြကို တောင်းပန် စကားတွေ တတွတ်တွတ် ဆိုနေရှာသည်။ မသင်းမြကလည်း လူမိုက်တွေ ပေါများလှသည့် ရန်ကုန်မြို့ကြီးတွေ မိန်းမသားတွေချည်း ဈေးရောင်း စားနေရသည့် ဘ၀က မလုံခြုံ။ ဖိုးတုတ်နှင့် ပတ်သက် မိလျှင် မိမိ မိဘ အသိုင်းအ၀ိုင်း အားလုံးကို ဘယ်သူမှ မတို့ရဲ မထိရဲသည့် လုံခြုံမှု ရလာနိုင်သည် ကိုတွေးမိ သွားတယ် ထင်ပါရဲ့…။ အဲ့ဒီအခန်းလေးထဲမှာ ဖိုးတုတ် လူပျိုဘ၀ တစ်စခန်းသိမ်းသွားတော့သည်။
ဖိုးတုတ်အတု (သို့) လမ်း(၃၀)ဖိုးတုတ်
မင်္ဂလာဆောင်ခါနီး ပျော်ရွှင်နေသော လမ်းမတော်ဖိုးတုတ် ဒေါသထွက်နေပါတယ်။ သားလုပ်သမျှ ချိုသည် ခါးသည် မပြောဖူးသော မိခင်ကြီး ဒေါ်ချစ်ပုက အခု နာနာကြည်းကြည်းနှင့် လာပြောသွားတဲ့ စကားက…..ဖိုးတုတ် ကို ယမ်းမီးပုံ ကျစေပါတော့ တယ်။ “ဖိုးတုတ် နင် လူမိုက် ရုံတင်မကတော့ဘူး။ လူလိမ် လူယုတ်မာဖြစ်နေပြီ။ ငါတို့ ဈေးရောင်းစားလာ တာ။ တစ်သက်လုံး သူတစ်ပါး ပစ္စည်းကို မလိမ် မညာ ခဲ့ဘူး။ နင့်ကျမှ တစ်ဈေးလုံး ဟိုးဟိုးကျော် ကလိမ် ဖိုးတုတ်ဖြစ်နေပါလားဟဲ့” တဲ့။ တပည့်တွေကို စုံစမ်းခိုင်းကြည့်တော့ ဟုတ်သည်။ သိမ်ကြီးဈေး နဲ့ လသာတစ်ဝိုက်မှာ ဖိုးတုတ် ဆိုတဲ့ နာမည်နဲ့ ကုန်တွေမှာပြီး နယ်ပို့သတဲ့။ ပြီးတော့ ကုန်သည်တွေကို ပိုက်ဆံမရှင်းပဲ ဗြောင်လိမ်သည်။ ကုန်သည်တွေခမျာလည်း ဖိုးတုတ် ဆိုသည့် နာမည်ကြားသည်နှင့်ပင် သွားမတောင်း ရဲတော့ချေ။ ဖိုးတုတ် ဓါးဆွဲပြီးဆင်းလာခဲ့သည်။ အဲ့ဒီ ဖိုးတုတ်က ဘယ်သူလဲ။ ကြာကြာမစုံစမ်းရ..လမ်းမတော်ဖိုးတုတ်တော့ မဟုတ် လမ်း(၃၀)ဖိုးတုတ် တဲ့။ ပွဲစား ဖိုးတုတ် လို့လဲ ခေါ်သတဲ့။ လမ်းမတော်ဖိုးတုတ်တစ်ယောက် လမ်း (၃၀) ဖိုးတုတ်ကြောင့် ဒေါသထွက်ရပြီ။ မကြာမီ ဖိုးတုတ် တပည့်တွေ လက်ထဲမှာ ယက်ကန်ယက်ကန်နဲ့ မူးနေတဲ့ လူတစ်ယောက် ပါလာ ပါတော့တယ်။ လမ်းမတော် ဖိုးတုတ်ကို အထင်သေးသည့် အမူအယာဖြင့် လမ်း(၃၀)ဖိုးတုတ်က ကြည့်လိုက်သည်။
"ခင်ဗျား..ဘယ်သူလဲ..ကျုပ်ကို ဘယ်သူမှတ်လို့ ဒီလိုခေါ်လာတာလဲ .. သေချင်လို့လား”
လမ်း(၃၀)က ဟောက်သည်။ လမ်းမတော်က ရယ်သည်။
“ကျုပ်နာမည် ဖိုးတုတ်ဗျ။ ဖိုးတုတ်… ခင်ဗျားကြားဖူးတယ် မှတ်လား” လမ်း (၃၀) က ထပ်ဟောက်သည်။

“အေး မင်းက ဖိုးတုတ် ဆို ရော့.."

လမ်းမတော် ဖိုးတုတ် ကိုင်နေကျ မူလီခေါင်းတပ် ကြိမ်လုံးက လမ်း (၃၀) ဖိုးတုတ် မျက်နှာပေါ် ကန့်လန့်ဖြတ် ကျသွားသည်။ လမ်း (၃၀) ဖိုးတုတ် ခွေသွားသည်။
"ခင်ဗျား ဘယ်သူလဲ..ကျုပ်အကြောင်း မသိသေးဘူး ထင်တယ်”
"အေး..မင်း ငါ့ကို သိက္ခာချတယ်..လူလိမ်..ခွေး”
“ကျုပ်အလုပ်ကျုပ်လုပ်တာ ခင်ဗျားကို ဘာသိက္ခာချနေလို့လဲ"
လမ်း (၃၀) ဖိုးတုတ်ကလည်း…….ပြန်ခံပက်သည်။
"မအေ -ိုး………..ငါ လမ်းမတော် ဖိုးတုတ် ကွ”
ဒီတော့မှ လမ်း (၃၀) ဖိုးတုတ် ခေါင်းနပန်းကြီးသွားပါတော့တယ်။ သွားပြီ သူ့ဘ၀။
“မင်းလိမ်ထားတာတွေ (၃) ရက်အတွင်း ပြန်ပေး..မပေးရင်………………”
လမ်းမတော်ဖိုးတုတ် စကားမဆုံးလိုက်သလို လမ်း (၃၀) ဖိုးတုတ်လည်း စကားပြောခွင့်မရလိုက်ပါ။ မူလီခေါင်းတပ် ကြိမ်လုံးက လမ်း (၃၀) ဖိုးတုတ် ခေါင်းပေါ် အချက်ပေါင်း များစွာ ကျရောက် လာပါတော့တယ်။ (၃) ရက်မြောက်နေ့တွင် လမ်း (၃၀) ဖိုးတုတ် သည် သူ့အိမ်ကို ရောင်းချ ပြီး အကြွေးများ ချေသွားပါတော့တယ်။
ဖိုးတုတ်ကို နိုင်တဲ့သူ ပေါ်ပြီ
လမ်းမတော် ဖိုးတုတ်.. မသင်းမြနဲ့ မင်္ဂလာဆောင်အပြီးမှာတော့ ဖိုးတုတ်ကို နိုင်တဲ့သူ ပေါ်လာခဲ့ပါပြီ။ ဟုတ်ပါတယ်။ သူကတော့ ဖိုးတုတ်ရဲ့ ချစ်လှစွာသော ဇနီး မသင်းမြ ပါပဲ။ အိမ်ပေါ်တွင် အရင်လို တပည့်တွေ ဘော်ဒါတွေနှင့် အရက်ဝိုင်းဖွဲ့မသောက်ရ။ တစ်ခြားမိန်းမတွေ မခေါ်တင်ရ။ ၀က်သား မစားရ။ လူမိုက်ကြီး လမ်းမတော်ဖိုးတုတ် ဒီဥပဒေတွေကို နာခံရသည်။ လမ်းမတော် ဖိုးတုတ်ကို ပြောချင်ဆိုချင်သည့် ကိစ္စများအတွက် မသင်းမြကို သွားကပ်ရတဲ့သူတွေ တောင်ရှိလာပါတော့တယ်။ တစ်ခါတော့ လမ်းမတော်ဖိုးတုတ် နှင့် လမ်းမတော် အင်စပက်တော် (၁) ဦးတို့ လသာလမ်းရှိ တရုတ် ထမင်းဆိုင် တစ်ခုတွင် သွားစားကြပါတယ်။ ဖိုးတုတ် တို့က ဟင်းရည် ထပ်တောင်းသည့် အခါ ဆိုင်ရှင်နှင့်စကားများကြပါတယ်။ ဆိုင်ရှင်တရုတ် ကလည်း လမ်းမတော်ဖိုးတုတ် မှန်းမသိပါဘူး။ လမ်းမတော်ဖိုးတုတ်က ငွေရှင်းဖို့ တရုတ်ထမင်းဆိုင်ရှင်ရှိရာ ကောင်တာကို လှမ်းခေါ်တဲ့အခါ ဆိုင်ပိုင်ရှင်တရုတ်က အလုပ်သမားရှိတယ် ငါဆိုင်ရှင်ကွ။ မင်းဘာကောင်လဲ ဆိုပြီး ရင့်ရင့်သီးသီး ပြောလာပါ တော့တယ်။ ဖိုးတုတ်က ကောင်တာကို ထသွားပြီး ဆိုင်ရှင် မျက်နှာကို လက်သီးနဲ့ထိုးလိုက်ပါတယ်။ အဲ့ဒီမှာ ဆိုင်ရှင် တရုတ်ကလည်း တုတ်နှင့်ရိုက်ရန် ပြေးထွက်လာပါတော့တယ်။
ဖိုးတုတ်က ခါးကြားက ဓါးကိုထုတ်လိုက်ပေမယ့်..အတူပါလာတဲ့ ပုလိပ်အရာရှိက ဆွဲခေါ်သွားလို့ လှည့်ပြန်ခဲ့ရပါတယ်။ ဆိုင်ပိုင်ရှင် လည်း နောက်ပိုင်းမှ လမ်းမတော်ဖိုးတုတ် မှန်းသိလို့ တော်တော် ထိတ်လန့် သွားပါတယ်။ ဒါပေမယ့် နောက်ကျသွားပါပြီ။ သူတို့ဆရာကို မလေးမစား လုပ်ရကောင်းလား ဆိုပြီး ဒီကိစ္စကို သိသွားတဲ့ ဖိုးတုတ်တပည့်တွေက ဒေါသူပုန်ထကြပါတယ်။ အထူးသဖြင့် လသာလူမိုက် စံဘသောင်းရီ (ခေါ်) ဂန္ဒမာ ဆောင်းရင် ပါ။ သူ့နယ်မြေထဲမှာ သူ့ဆရာဖိုးတုတ် မလေးမစား လုပ်ခံရသည် ဆိုကတည်းက သောင်းရီ ဒေါသအလိပ်လိုက် ထွက်လာပါတော့တယ်။ ပြီးတော့ ကိုဖိုးတုတ် သူ့ကို ငြိုးမည်ကို သူကြောက်သည်။ ဒီတော့ နောက်တစ်နေ့ မှာပဲ စံဘသောင်းရီ တို့အုပ်စု တရုတ်ထမင်းဆိုင်ကို ၀င်ရောက် ဖျက်ဆီး ပါတော့တယ်။ ဆိုင်ပိုင်ရှင် တရုတ်ကိုလည်း ကြေးအိုး ပြုတ်သည့် အိုးထဲ လက်ထည့်နှစ် သည့်အထိ လုပ်ခဲ့ကြသည်။ လူမိုက်တို့၏ နှိပ်စက်မှုကြောင့် ဆိုင်ရှင်တရုတ် ရန်ကုန်ဆေးရုံ တင်လိုက်ရ ပါတော့တယ်။
အင်္ဂလိပ်အစိုးရပိုင်း အထိပေါက်နေသော ဆိုင်ရှင်တရုတ်၏ ဆွေမျိုးများက ဖိုးတုတ်၏ ဇနီး မသင်းမြထံ လာရောက်ပြီး ဖိုးတုတ်အား ကူညီထိန်းသိမ်းပေးရန် လာရောက်အသနားခံသွားကြပါတယ်။ မသင်းမြ နှင့် ဖိုးတုတ် ရန်ဖြစ်ကြသည်။ နောက်ဆုံး ကွဲမည် ကွာမည် အထိ ဖြစ်လာတော့ ဖိုးတုတ်ညီ ဖူးစာရှင် ဘသိန်းက ဖိုးတုတ် လေးစားရတဲ့ ငယ်ဆရာကြီးများဖြစ်တဲ့ ဦးဆင်၊ ဦးသင်၊ ဦးအောင်ဒွန်း၊ လမ်းမတော် ဘုံကျောင်း ဆရာ ဘောမျိုးရှူး တို့ကို သွားခေါ်ရပါတော့တယ်။ လူကြီးတွေ ဆုံးမတော့ ဖိုးတုတ် နာခံရှာသည်။ အထူးသဖြင့် “လူမိုက် မယား သောကများ” ဆိုသည့် စကားကို ဖိုးတုတ် နာခဲ့သည်။ မသင်းမြ ကို တောင်းပန်တော့ မသင်းမြက လမ်းမတော် ဖိုးတုတ်ကို ဘာသာရေး ကိစ္စဘက် အားစိုက်ရန် တိုက်တွန်းတော့သည်။ လူမိုက်ကြီး ဖိုးတုတ် ကျွတ်တန်းဝင်မည်လား။
ဆိပ်ကမ်း အထိကရုဏ်း
၁၉၃၈ ခုနှစ် ရန်ကုန်ဆိပ်ကမ်းတွင် အိန္ဒိယ ကူလီများ လုပ်ခ တိုးပေးရေး သပိတ်မှောက်ကြသည်။ ထိုခေတ်က ရန်ကုန် ဆိပ်ကမ်းတွင် ဗမာလူမျိုး ကူလီများ အလုပ်လုပ်ခွင့် မရကြ။ ကူလီခေါင်း နာရရမ်းဆင် က ဆိပ်ကမ်း အာဏာပိုင်များနှင့်ပေါင်းပြီး ကြီးစိုးထားပါတယ်။ အိန္ဒိယ ကူလီတွေ သပိတ်မှောက်လိုက်တဲ့ အတွက် ရန်ကုန်ဆိပ်ကမ်း လုပ်ငန်းရှင်တွေ အတွက် အကြီးအကျယ် ဂယက်ရိုက် စရာဖြစ်လာ ပါတော့တယ်။ နဂိုကတည်းက နရရမ်းဆင် ကို အငြိတိုက်ဖို့ ကြံရွယ် ထားတဲ့ ဖိုးတုတ် အတွက်တော့ အခွင့်အရေး ဖြစ်လာခဲ့ပါတော့တယ်။ လမ်းမတော် ဖိုးတုတ် က သူ့တပည့်တွေကို စုဝေးပြီး ရန်ကုန်မြို့ထဲ ကူလီ လုပ်ချင်တဲ့ မြန်မာလူမျိုး အလုပ်လက်မဲ့တွေကို စုဝေးစေခဲ့ပါတယ်။ ပြီးတော့ ဆိပ်ကမ်း အာဏာပိုင်နဲ့ သွားရောက်တွေ့ဆုံပြီး သပိတ်မှောက်နေတဲ့ ကူလီတွေ အစား ဗမာ ကူလီတွေ ကအလုပ်ဝင် နိုင်ကြောင်း သွားရောက် ညှိနှိုင်း ပါတော့တယ်။
ဆိပ်ကမ်း အာဏာပိုင်တွေနဲ့ ကုန်သည်ကြီးတွေက ၀မ်းသာအားရ သဘောတူပြီး ဗမာကူလီတွေကို ချက်ချင်း အလုပ်ဆင်းခိုင်း ပါတော့တယ်။ ဒီလိုနဲ့ ကြာကြာ သပိတ်မှောက် မနေနိုင် တော့တဲ့ အိန္ဒိယ ကူလီ တွေ က သပိတ် လှန်ပြီး လုပ်ငန်းပြန် ၀င်တဲ့အခါ ဗမာ ကူလီတွေနဲ့ ထိပ်တိုက် တွေ့ပါတော့တယ်။ အဲ့ဒီ ဂယက်ကစပြီး မြန်မာပြည်အနှံ့ ကုလား - ဗမာ ရိုက်ပွဲတွေ ဖြစ်ကုန်ပါတော့တယ်။ အလုပ်ရဖို့ ကူညီပေး ခဲ့တဲ့ လမ်းမတော်ဖိုးတုတ်ကို ဗမာ ကူလီတွေက တစ်နေ့ကို ငွေ (၃၀၀) ကျပ်နေ့စဉ် ပေးနေရတဲ့ အချိန်ပါ။ ကျေးဇူးခံ ကျေးဇူးစား ဆိုတဲ့ အလျောက် ဖိုးတုတ်နဲ့ သူ့တပည့် လူမိုက်တွေ ကုလား - ဗမာ အဓိကရုဏ်း ထဲ ပါဝင် လာတဲ့အခါ (အထူးသဖြင့်) ရန်ကုန်ဆိပ်ကမ်းတ၀ိုက်က ဂေါ်ရင်ဂျီကုလားများ အထိနာကုန် ပါတော့တယ်။ ဒီတော့မှ အစိုးရကလည်း အဓိကရုဏ်းကို ၀င်ရောက်နှိမ်နင်း ရပါတယ်။ လမ်းမတော် ဖိုးတုတ်နှင့် အစိုးရကပါ အဓိကရုဏ်းထဲ ပါပြီဆိုတော့မှ အားလုံးငြိမ်ကျသွားပါ တော့တယ်။ ဒီလိုနဲ့ အဲ့ဒီအချိန်ကစလို့ အစိုးရအဖွဲ့ နိုင်ငံရေး သမားတွေ အတွက် ဖိုးတုတ် ဟာ လျော့တွက်လို့မရ တဲ့ အင်အားစုတစ်ခုမှန်း သိသွားကြပါတော့တယ်။
ဘုရားဒကာဖိုးတုတ်
ကုလား - ဗမာ အဓိကရုဏ်းပြီးတဲ့နောက် မသင်းမြ ကို ကတိပေးခဲ့တဲ့ အတိုင်း ဖိုးတုတ် ဘာသာရေး လုပ်ပါပြီတဲ့။ ရန်ကုန်မြို့ အရှေ့ ရွှေဂုံတိုင်က မွန် ဘုန်းကြီးကျောင်း တစ်ကျောင်းမှာ ဦးဖိုးတုတ် မသင်းမြ တို့ ရေတွင်း တစ်တွင်းလှူပါတယ်။ သရက်တောကျောင်း ၀င်းကြီးထဲ ဇရပ်တစ်ဆောင် ရေစက်ချလှူရင်း ဖိုးတုတ်နှင့် တပည့်များက ရဟန်းခံ ကြပါတယ်။ အဲ့ဒီနောက်တော့ လပြည့်လကွယ် နံနက်တိုင်း ဆွမ်းခံကြွသည့် သံဃာတော်များကို ဆွမ်းလောင်းနေသည့် ဖိုးတုတ်တို့ ဇနီးမောင်နှံကို မြင်ရပါတော့တယ်။ သံဃာတွေကို ဆွမ်းလောင်းပြီး မိခင်နှင့် ယောက္ခမအိမ်ကို ဖိုးတုတ်နှင့်တပည့်တွေက ဟင်းသွား ပို့လေ့ရှိသည်။ “င့ါသမက်က လူမိုက်မဟုတ်ဘူး လူလိမ္မာလေး” မသင်းမြ အမေ အမြဲပြောသည့် စကား။ သူ့ယောက္ခမပြောသည့် လူလိမ္မာလေးဖိုးတုတ် က သူ့ပိုင် တိုက်အိမ်တွင် တစ်လကို သံဃာ အပါး (၅၀) ကို ဆွမ်းကပ်။ တစ်လလျှင် တစ်ကြိမ် ဘုရားကိုးဆူ ပင့် ပြီး ပူဇော်သည်။ ဒီလိုဆိုတော့ ဘုရားဒကာလူမိုက်လေလား။
မစ္စတာစကော့ဘရောင်းနှင့် See You Next Time
ကုလား - ဗမာ အရေးအခင်း ပြီးခါစ ၁၉၃၈ နှောင်းပိုင်းမှာ သာယာဝတီဒီစတြိတ်မှ နာမည်ကျော် ရာဇ၀တ်ဝန် (ယခုခေတ် ခရိုင်ရဲမှူး အဆင့်) ရှိ အင်ဂလိုအိုင်းရစ် လူမျိုး မစ္စတာစကော့ဘရောင်း သည် ရန်ကုန် အနောက်ပိုင်း ရာဇ၀တ်ဝန် အဖြစ် ပြောင်းရွေ့လာ ပါတော့တယ်။ ဘရောင်းသခင် လို့ ခေါ်ကြတဲ့ ရာဇ၀တ်ဝန်ဟာ အင်မတန်မှ လူဆိုးလူမိုက် ပေါများခဲ့တဲ့ သာယာဝတီ ဒီစတြိတ် မှာ အရက်စက်ဆုံးလို့ နာမည်ကြီးခဲ့သူပါ။ ဆရာစံ အရေးအခင်း ကာလ ဖားရွှေကျော် တိုက်ပွဲအပြီးမှာ လယ်သမား ခေါင်းတွေကို ကိုယ်တိုင်ဖြတ်ခဲ့ သူလို့လည်း ကျော်ဇောပါတယ်။ တစ်ညမှာတော့ ရာဇ၀တ်ဝန် မစ္စတာဘရောင်းနှင့် လမ်းမတော် ဌာနအုပ် ကိုခင်မောင် တို့ လမ်းမတော်မြို့နယ် အတွင်း နယ်မြေ အခြေအနေ လှည့်လည်ကြည့်ရှု နေချိန် ဖိုးတုတ်တို့ အဖွဲ့နဲ့ တိုးပါတော့တယ်။ ကုလားဗမာ အရေးအခင်းပြီးခါစ ဖြစ်သည့်အတွက် လမ်းမတော် ရပ်ကွက်ငြိမ်ဝပ်ရေး အတွက် ဖိုးတုတ် နဲ့ သူတပည့်တွေက ဘုန်းကြီး လမ်းထိပ်မှာ ကြက်ကာလသားဟင်းချက် အရက်ဝိုင်းဖွဲ့ရင်း ကင်းစောင့်ပေးနေကြပါတယ်။
မစ္စတာဘရောင်း က ကားကိုရပ်လိုက်ပြီး အချိန်မတော် ဘာတွေလုပ်နေတာလဲ လို့ မေးပါတယ်။ ဖိုးတုတ်က ကင်းစောင့်ပေးနေ တာဖြစ်ကြောင်းပြန်ဖြေတော့.. ဒါ နင်တို့အလုပ်မဟုတ်ဘူး ငါတို့အလုပ် ဟု ပြောဆိုပြီး ကင်းသမားတွေချက်စားနေတဲ့ ဟင်းအိုး ထမင်း ပန်းကန် တွေကို ဆောင့်ကန် သွားပါ တော့တယ်။ ပြီးတော့ ဖိုးတုတ် ရင်ဘတ်ကို စောင့်ဆွဲပြီး “See You Next Time” နောက်တစ်ကြိမ် ပြန်ဆုံမယ် လို့ ပြောသွားပါတယ်။ လမ်းမတော်ဌာနအုပ် ကိုခင်မောင်က တော့ လမ်းမတော်ဖိုးတုတ်နဲ့ ရင်းနှီးသူဖြစ်တဲ့အတွက် အားနာ နေရှာပါတယ်။ နောက်(၅)ရက်ခန့်အကြာမှာတော့…
တာမွေမြင်းပြိုင်ကွင်း အတွင်းသို့ ကားအနက်တစ်စီး ထိုးဝင်လာသည်။ အချိန်ကား ည (၁၀) နာရီ။ ကားပေါ်တွင်တော့ အရပ် (၅) ပေ၊ (၁၀) လက်မခန့်ရှိ အနောက်ပိုင်း ရာဇ၀တ်ဝန် မစ္စတာ စကော့ဘရောင်း နှင့် ပုလိပ်သား (၂) ယောက်၊ ပုလိပ်သား (၂) ယောက်ကြားမှာ လမ်းမတော်ဖိုးတုတ် ပါလာပါသည်။ကားကို ထိုးရပ်လိုက် သည်နှင့် မစ္စတာဘရောင်းက လမ်းမတော် ဖိုးတုတ် ကို ကားပေါ်မှ ဆွဲချပြီး အဆဲမျိုးစုံ ဆဲကာ ထိုးကြိတ် ကန်ကြောက် ပါတော့တယ်။ အတူပါ လာတဲ့ ဌာနအုပ် ကိုခင်မောင်နဲ့ ပုလိပ် သား (၂) ယောက်က လမ်းမတော် ဖိုးတုတ် အကြောင်း သိသဖြင့် ဘာမှ ၀င်မလုပ်ရဲကြ။မစ္စတာဘရောင်း လုပ်သမျှ ဖိုးတုတ်က ခံနေသည်။ လဲကျသွားသော ဖိုးတုတ် အပေါ်မှ တက်ခွကာ ဖိုးတုတ်၏ နှုတ်ခမ်းမွှေး များကို ဆွဲနှုတ်ရာ ဖိုးတုတ်နှုတ်ခမ်း မှ သွေးများပါ ထွက်လာပါတော့တယ်။ ဖိုးတုတ်နှင့် ခင်မင်သူ ဌာနအုပ် ကိုခင်မောင် က ဒီကိစ္စကိုလုံးဝ မကျေနပ်။ ဒါပေမယ့် အထက်အရာရှိ မျက်နှာဖြူဖြစ်နေပြန်တော့ စိတ်မကောင်းရုံမှ တပါး ဘာမှ မတတ်နိုင်။
နောက် (၃) ရက်ခန့်အကြာမှတော့… ည(၉)နာရီခန့် ဘုရင်ခံအိမ်တော်မှ ကင်း စစ်ဆေးပြီး (၆) မိုင်ရှိနေအိမ်သို့ ပြန်လာသည့် ရာဇ၀တ်ဝန် မစ္စတာဘရောင်း၏ ကားရှေ့တွင် လူ (၃) ယောက်က ပိတ်ရပ် လိုက်ကြသည်။ မစ္စတာဘရောင်း က ကားပေါ်က ဆင်းရန်ပြင်လိုက်စဉ်တွင်ပင် ထိုလူ (၃) ယောက်က ပြေးလာပြီး ဇာဝီ တုတ်များဖြင့် ၀ိုင်းရိုက်ကြပါတော့ တယ်။ သွေးအလူး လူး ဖြစ်နေတဲ့ မစ္စတာဘရောင်း လမ်းမပေါ် မှာပဲ သတိလစ်သွားပါတော့တယ်။မစ္စတာဘရောင်း ကိစ္စတွင် ပုလိပ်ဌာနမှ လမ်းမတော် ဖိုးတုတ် ကိုခေါ်ယူ စစ်ဆေးခဲ့သော်လည်း ထိုညတွင် ဖိုးတုတ် သည် လမ်းမတော်မြို့နယ် အမတ်တစ်ဦးနှင့် အတူ ကမ်းနားလမ်းတွင် ရှိနေကြောင်း အလီဘိုင် ပြနိုင်ခဲ့သည်။ အဆိုပါပြသနာဖြစ်ပွားပြီး သိပ်မကြာခင်မှာပဲ မစ္စတာဘရောင်း ယောနယ် သို့ ပြောင်းရွေ့သွားရပါ တော့တယ်။ ရန်ကုန် လူမိုက်လောက မှာတော့ ဖိုးတုတ်ဟာ ပြည်ထဲရေး အတွင်းဝန် အထိ ပေါက်ရောက် တယ် လို့ သတင်းကြီး ကျန်ခဲ့လေရဲ့……။
ဖိုးတုတ်နှင့် လွတ်လပ်ရေးအတွက် တစ်ထောင့်တစ်နေရာ
ဖိုးတုတ် အမ၀မ်းကွဲ မမြရီ က သတင်းစကားတစ်ခုပါးလာပါတယ်။ သခင်အောင်ဆန်း တို့ ဂျပန်ပြည်မှာ စစ်ပညာ သင်ပြီး ပြန်အလာ ယိုးဒယားမှ စရိတ်ပြတ်ပြီး ၀မ်းတွေ လျောနေကြတယ်။ မကြာခင် ဗမာလွတ်လပ်ရေး တပ်မတော်ဖွဲ့မယ်။ အဲ့ဒီအတွက် ငွေလိုနေတယ်။ တို့ဗမာအစည်းအရုံးက သခင်တွေ မမြရီတို့အိမ်မှာ အလှူခံရင်း လာတည်းနေတယ်တဲ့။ ဖိုးတုတ် ချက်ချင်းပဲ မမြရီ တို့အိမ်လိုက်ရင်း သခင်တွေနှင့် တွေ့ပြီး ငွေ (၅၀၀၀) လှူလိုက်သည်။ ထိုခေတ်က ငွေ (၅၀၀၀) က အမတ် တစ်ဦး၏ လစာနှင့် ညီမျှသည်။ နောက်ထပ်လည်း ရံပုံငွေလိုအပ်ပါက မမြရီ ကတဆင့် ဆက်သွယ်ဖို့ သခင်တွေကို အထပ်ထပ်မှာ ခဲ့ပါတယ်။ တကယ်လည်း ငွေကြေးတွေ လှူဒါန်းခဲ့ပါတယ်။ သခင်တွေကတော့ တို့ဗမာ အစည်းအရုံး အတွက် ရဲဘော်(၃)ကျိပ် အတွက် ငွေသောင်းဂဏန်းအထိ လှူဒါန်းခဲ့သည့်သူမှာ နာမည်ကျော်လူမိုက်ကြီး လမ်းမတော်ဖိုးတုတ် ဆိုတာ သိရတဲ့အခါမှာတော့ ပါးစပ်အဟောင်သားကျန်ခဲ့ပါတော့တယ်။
ဖိုးတုတ် နှင့် လူမှားတဲ့ဓါး
လမ်းမတော်ဖိုးတုတ် ထက် စီနီယာကျခဲ့ပေမယ့် နောက်ပိုင်း လမ်းမတော် ဖိုးတုတ် ရဲ့ တပည့် ဖြစ်ခဲ့ရတဲ့ ကြည်မြင့်တိုင်လူမိုက် ကြက်ကျား အသတ်ခံရပါတယ်။ တစ်ပတ်အကြာမှာပဲ ကြည်မြင့်တိုင် ဆက်ဆန်းရပ်ကွက်က ပြည့်တန်ဆာ အိမ်တစ်ခုမှာ ဖိုးတုတ်ရဲ့ အချစ်ဆုံး တပည့်တွေထဲ ပါတဲ့ ကမ်းနားလမ်း ငညွန့် အသတ်ခံ ရပါတယ်။ ပုလိပ်က တရားခံ စုံစမ်းဆဲမှာပဲ ဖိုးတုတ် တပည့်တွေဆီက သတ်တဲ့သူကို စုံစမ်းလို့ရလာပါတယ်။ ကြက်ကျားကိုရော ငညွန့်ကို ပါ သတ်တာက ကြည်မြင့်တိုင် ကမ်းနား က နောက်ပေါက်လူမိုက် ဂန်ဂယား ပါ။ ဖိုးတုတ် တပည့်တွေ ကို ရွေးသတ် ခဲ့တဲ့ ဂန်ဂယား ဟာ ဖိုးတုတ်ကို စိန်ခေါ်တာပါပဲ။ ဒီတစ်ခေါက်တော့ ဖိုးတုတ် ဂန်ဂယား နေတဲ့ ဆက်ဆန်း ရပ်ကွက်ထဲကို ဓါးရှည်တစ်လက် ခါးကြားထိုးပြီး ၀င်သွားပါတယ်။ ဖိုးတုတ်ရဲ့ လက်စွဲ လသာလူမိုက် ဂန္ဒမာ ဆောင်းရင် ကတော့ ဖိုးတုတ်ရဲ့ မလှမ်းမကမ်းကနေ ဓါးရှည် တစ်လက်လွယ်ပြီး ပါလာ ပါတယ်။
ဂန်ဂယားနေတဲ့ ကြည်မြင့်တိုင် ဆက်ဆန်းထဲက ပြည့်တန်ဆာတွေရှိတဲ့ ဂိုထောင် တွေရှေ့မှာ ဖိုးတုတ်ရပ်ပြီး ဂန်ဂရားကို မေးပါ တယ်။ ဂန်ဂယား ရှိနေတဲ့ ဂိုထောင် အပြင်ကနေ ဖိုးတုတ် စိန်ခေါ်ထုတ် ပါတော့တယ်။ ဂိုထောင်က မှောင်မဲနေတဲ့ အတွက် ခေါ်ထုတ်ရခြင်းပါ။ ဂန္ဒမာဆောင်းရင် ကလည်း ဖိုးတုတ်ဘေးမှာရပ်နေပါတယ်။ ရုတ်တရက် ဂိုထောင် အမှောင်ထဲကနေ တစ်စုံတစ်ယောက် ပြေးထွက် လာတာနဲ့ ဖိုးတုတ် က ဂန်ဂယား အမှတ်နဲ့ (၂)ချက် တိတိ ပိုင်းချ လိုက်ပါတယ်။ နောက်ထပ် တစ်ယောက် ထပ်ထွက်အလာမှာ ဂန္ဒမာဆောင်းရင်က ထပ်ပိုင်းချလိုက်ပါတယ်။ နှစ်ယောက်လုံး ညည်းသံသဲ့သဲ့ကြားပြီး အသက်ထွက်သွားတော့မှ နောက်က ပါလာတဲ့ ဖိုးတုတ်တပည့်တွေ က အလောင်းဖျောက်ဖို့ ရောက်လာကြပါတော့တယ်။ ဓာတ်မီးခြစ် အလင်းရောင် အောက်မှာ ကြည့်တော့မှ ဖိုးတုတ် ပိုင်းချလိုက်တာ ကုလားမလေး တစ်ယောက်ပါ။ ဆောင်းရင် လက်ချက်မိ သွားတာကမှ ဂန်ဂယားပါ။ တပည့်တွေ ပြောတော့မှ ကြည်မြင့်တိုင် ကမ်းနားမှာ ကျင်လည်နေတဲ့ ရှာမီဒါ ဆိုတဲ့ ပြည့်တန်ဆာ မလေးတစ်ယောက်မှန်း ဖိုးတုတ်သိလိုက်ရပါတယ်။ အသင့်ပါလာတဲ့ ဂုန်နီအိတ်ထဲ အလောင်းတွေနဲ့အတူ မော်တော်ကား အင်ဂျင်တုံး အစုတ်ကြီး တစ်ခုကို ထည့်ပြီး ဖိုးတုတ်တပည့်တွေက ရန်ကုန်မြစ်ထဲ ပစ်ချလိုက်ပါတော့တယ်။ အဲ့ဒီ ရှာမီဒါ ဟာ ဖိုးတုတ်ကို နောက်ဆုံး ထွက်သက်အထိ ဒုက္ခလိုက်ပေး ခဲ့မယ်မှန်း ဖိုးတုတ် သိခဲ့လျှင်ဖြင့်။
ဖိုးတုတ် နှင့် အချုပ်
အမည် - ဖိုးတုတ်
မိဘအမည် - ဦစံညိမ် ၊ ဒေါ်ချစ်ပု
မွေးသက္ကရာဇ် - မြန်မာသက္ကရာဇ် ၁၂၅၁ ခုနှစ်
မွေးရာဇာတိ - ဟံသာဝတီဒီစတြိတ် ၊ ကမာစဲကျေးရွာ
မွေးချင်း - (၅)ယောက် ၊ဘိုးသီ(အကို)၊ မမကြီး(အစ်မ)၊မမလေး(အစ်မ)၊ ဘသိန်း(ညီ)
အလုပ်အကိုင် - ဦးလေးဖြစ်သူ ဦးဘိုးသင် ထံ ကားစပါယ်ရာလုပ်ခဲ့ဖူး ၊ အငြိမ့်ကားမောင်းလုပ်ခဲ့ဖူး၊
ဗဟန်းဂါတ်အတွင်း ဌာနအုပ် ဦးစံထွန်းရင်၊ လသာလမ်းဌာနအုပ် မစ္စတာဗောဘရေး တို့မှ ဖိုးတုတ်၏ ကိုယ်ရေးမှတ်တမ်းအား စစ်ဆေးနေ ခြင်းဖြစ်ပါတယ်။ ဖိုးတုတ် အချုပ်ထဲရောက်ပါပြီ။ အမှုက လူသတ်မှု။ သေဆုံးသူက ဖိုးတုတ်နဲ့ အရင်းနှီးဆုံး ပုလိပ် အင်စပက်တော် ဦးဟုတ်ဂွမ်း……………။
အဲ့ဒီညက လမ်းမတော်ဖိုးတုတ်၊ ကမ်းနားလမ်း အုန်းဖေ၊ ထွန်းတင် တို့ လမ်းမတော် အရက်ဆိုင်တွင် ဇာတ်မင်းသား ရွှေကျီးညိုနှင့် ချိန်းထားသဖြင့် အရက်ထိုင် သောက်နေကြပါတယ်။ အချိန်တန်လို့ ရွှေကျီးညိုက ရောက်မလာတဲ့အခါ အနားက အငှားကား တစ်စီးကို ဖိုးတုတ် ကိုယ်တိုင် မောင်းပြီး ရွှေကျီးညို အိမ်ကို လိုက်သွားကြပါတယ်။ မြေနီကုန်း အရောက်မှာ ပုလိပ်အင်စပက်တော် ဦးဟုတ်ဂွမ်း ကို တွေ့တာနဲ့ အတူတူ အရက်သောက် ခဲ့ကြပါတယ်။နောက်တော့ လမ်းမတော် ဖိုးတုတ်တို့ (၃) ယောက်နဲ့ ဦးဟုတ်ဂွမ် တို့ ကားဖြင့် မြို့ပတ်ကြပါတယ်။ ရွှေဂုံတိုင်လမ်းနား အရောက်မှာ ဦးဟုတ်ဂွမ်း က အုန်းဖေ နဲ့ ထွန်းတင်ကို ဘားလမ်း လုယက်မှုတစ်ခုမှာ ပါသည်ဟု စွပ်စွဲရာက စကားများပါတော့တယ်။ ဦးဟုတ်ဂွမ်း က အုန်းဖေ ကို ဆဲဆိုတဲ့အခါ အုန်းဖေက ရင်ဝကို ဓါးနဲ့ထိုးစိုက်လိုက်ပါတယ်။ ကားမောင်း နေတဲ့ လမ်းမတော်ဖိုးတုတ်က တားပေမယ့်လည်း နောက်ကျသွားပါပြီ။ဒါနဲ့ ဖိုးတုတ်လည်း သွေးထွက်လွန်ပြီး ဆန့်ငင် ဆန့်ငင် ဝေဒနာ ခံစားနေတဲ့ ဦးဟုတ်ဂွမ်း ကို ကားပေါ်ကဆွဲချပြီး အနီးအနား လန်ခြားအပျက်တစီးမှ ၀င်ရိုးကိုယူပြီး အဆုံးစီရင် လိုက်ပါတော့တယ်။ ထိုခေတ် က ရွှေဂုံတိုင်က လူနေအိမ်ခြေသိပ်မရှိသေး။ ဦးဟုတ်ဂွမ်အလောင်းကို ခြုံထဲ ပစ်ထားခဲ့လိုက်သည်။ လမ်းမတော်ဖိုးတုတ်၊ အုန်းဖေ နဲ့ ထွန်းတင် တို့ အဖမ်းခံရသည်။ လမ်းမတော် ဖိုးတုတ် က ရှေ့နေကြီး ဦးကျော်ဇံ ကို ငှားရမ်းထားခဲ့ပါတယ်။ တရားခွင်မှာ အုန်းဖေ က ဖြောင့်ချက် ပေးသော်လည်း မျက်မြင် သက်သေ မရှိ ဟူသော အကြောင်းပြချက်ဖြင့် ဖိုးတုတ်တို့ အုပ်စု တရားသေ လွတ်ခဲ့သည်။
ဖိုးတုတ်ကိစ္စနှင့် ပတ်သက်ပြီး ပုလိပ်လောက နှင့် တရားစီရင်ရေး လောကအကြား ပြဿနာများဖြစ်ပွားခဲ့ပါတယ်။ ပျက်ယွင်းနေသော တရားစီရင်ရေးစနစ် တစ်ခု၏ အကျိုးဆက်အဖြစ် ဖိုးတုတ်နှင့် တပည့် များ ကြိုးဒဏ် မှ လွတ်သွားကြပြန်သည်။ ငွေများ အမှုနိုင်ခေတ်ပျက်ကြီးထဲ ဦးဟုတ်ဂွမ်း ဆိုသော ပုလိပ်အရာရှိ တစ်ဦးအတွက် အမှန်တရားသည် နေရာမရနိုင်ခဲ့ရှာပေ။ ဦးဟုတ်ဂွမ်း ကိစ္စပြီး ကတည်းက လမ်းမတော်ဖိုးတုတ် လူမိုက် ဘ၀ကို စိတ်ကုန်ခဲ့ပါတယ်။ မိတ်ဆွေ အရင်းအချာ တစ်ယောက် ကို အရက်ရှိန်၊ တပည့်ဇောများနှင့် သတ်ပစ် ခဲ့မိသည့် အတွက် စိတ်မကောင်း ဖြစ်ခဲ့ပါတယ်။ ပုလိပ်အဖွဲ့ များကလည်း ဖိုးတုတ် အမှားကို စောင့်နေကြတော့သည်။ ဘာပဲပြောပြော ဖိုးတုတ် က ဥပဒေစိုးမိုးရေး ၀န်ထမ်းတွေကိုပါ ထိခိုက်လာပြီ မဟုတ်ပါလား။ လမ်းမတော် ရဲစခန်း က ဖိုးတုတ်ကို ရာဇ၀တ် အက်ဥပဒေ ၁၀၉၊ ၁၁၀ အရ ခြေချုပ်ဖြင့် လက်မှတ်ထိုးစေသည်။ အဲ့ဒီနောက်တော့ လမ်းမတော် ဘိုးတုတ် သရက်တော ဘုန်းကြီးကျောင်းအတွင်း သင်္ကန်းစည်း ပြီး လူမိုက်လောကကို ခေတ္တ အဆက်အသွယ် ဖြတ်ခဲ့လေတော့သည်။
ဂျပန်ခေတ်ဖိုးတုတ်
၁၉၄၂ နောက်ပိုင်း ဒုတိယ ကမ္ဘာစစ်အတွင်း ဖိုးတုတ် တို့မိသားစု တွံတေး ၀က်ကင်းကျေးရွာ နှင့် ဆိပ်ကြီးရွာတို့တွင် တစ်လှည့်စီ သွား ခိုအောင်း နေပါတယ်။ ဘီအိုင်အေ နှင့် ဂျပန်တပ်များ ရန်ကုန်ကို သိမ်းပြီးသည့် အချိန်မှ ဖိုးတုတ်တို့ မိသားစု အိမ်ပြန်လာ ကြပါတော့တယ်။ ပြန်လာလာချင်း ရဲဘော်သုံးကျိပ် ရဲ့ ဆရာရင်းဖြစ်သလို အဲ့ဒီအချိန်က ဗမာလွတ်လပ်ရေးတပ်မတော် ရဲ့ အကြံပေး ဗိုလ်မှူးကြီး ဆူဇူးကီး (ခ) ဗိုလ်မိုးကြိုး ကို လမ်းမတော်ဖိုးတုတ်က ဖိတ်ခေါ် ပြီး မြို့တော်ခန်းမ မှာ ဧည့်ခံပွဲလုပ်ပေး ခဲ့ပါတယ်။ ရဲဘော်သုံးကျိပ် ကို ငွေကြေး ကူညီပေးခဲ့တဲ့ ဖိုးတုတ် အကြောင်းကို အရင်ရန်ကုန်မှာ နေပြီး မီနာမီကီကန်း အဖွဲ့ထောက်လှမ်းရေးလုပ်ခဲ့ဖူးတဲ့ ဗိုလ်မှူးကြီး ဆူဇူးကီးက ကောင်းကောင်း ကြားဖူးထား ပါတယ်။
မကြာမီ ဂျပန်စစ် ၀တ်စုံနှင့် မြင်းတစ်ကောင်ကို စီးပြီး မြို့တွင်း လှည့်လည် နေသော လမ်းမတော်ဖိုးတုတ် ကို တွေ့မြင်ရပါတော့ သည်။ အင်္ဂလိပ်ခေတ် လူသတ်၊ လုယက်မှုများတွင် ပါဝင်ခဲ့သော လူမိုက်ကြီး ဖိုးတုတ် သည် ဂျပန်ခေတ် စစ်အုပ်ချုပ်ရေးတွင် ရန်ကုန်မြို့ငြိမ်ဝပ်ပိပြားရေးအတွက် လုံခြုံရေးအရာရှိ ရာထူး ရခဲ့ပါတော့တယ်။ဂျပန်ဝင်လာပြီး တစ်နှစ်ကျော်သည့်အခါ ရန်ကုန်မြို့ သို့ အင်္ဂလိပ်ခေတ်အရာရှိများ တဖွဲ့ဖွဲ့ပြန်လာ တာနဲ့အမျှ ဖိုးတုတ်အတွက် နေရာမရှိ တော့ပါဘူး။ ယခင် အင်္ဂလိပ် လက်ထက်က တာဝန် ထမ်းဆောင်သူ များကို ရာထူးပြန် ပေးတဲ့အခါ လမ်းမတော် ဖိုးတုတ် မှာ နဂိုမူလ လူမိုက် အလုပ်ကိုသာ ဆက်လက် လုပ်ကိုင်ခဲ့ပါတော့တယ်။
ဖိုးတုတ် နေ၀င်ချိန်
၁၉၄၄ ခုနှစ်တွင် လမ်းမတော်ဖိုးတုတ် ၏ သြဇာအာဏာ ကျဆင်းလာပါတယ်။ ဆိုးသွမ်း ရက်စက်ခဲ့သော တပည့်များကိုလည်း ဘီအိုင်အေ စစ်သားများ၊ ဂျပန် စစ်ရဲများက လက်စတုံး စီရင်နေသည့်အတွက် တပည့်များ သိပ်မကျန်တော့။ စစ်အတွင်း စစ်ပြေးရင်း တပည့်တွေလည်း တကွဲတပြားဖြစ်ခဲ့ရသည်။ ဒေါက်တာဘမော် က အစိုးရအဖွဲ့အတွင်း အဓိပတိ ဖြစ်လာခဲ့သည်။ လမ်းမတော် ဖိုးတုတ် နေရာတွင် ပုသိမ်ညွန့် ဘဘိုး က နေရာဝင်ယူလာသည်။ ပုသိမ်ညွန့် ဘဘိုး ကို ဖိုးတုတ် မယှဉ်နိင်။ ဒေါက်တာဘမော် နန်းရင်းဝန် ဘ၀တွင်လည်း ပုသိမ်ညွန့်ဘဘိုးက အိမ်တော်စောင့်လုပ်ခဲ့သဖြင့် ရင်းနှီးမှုရှိနေသည်။ ဘဘိုး က ဂျပန်ခေတ် သာသနာရေးဝန်ကြီး ဗန္ဒုလဦးစိန် ၏ တူဝမ်းကွဲတော်သလို ညာလက်ရုံးလည်းဖြစ်သည်။လမ်းမတော် ဘိုးတုတ် နေ၀င်ပြီ……။ တစ်ရက်မှာတော့ ဒေါက်တာဘမော် အစိုးရ အဖွဲ့မှ လုံခြုံရေး အကြောင်းပြချက်ဖြင့် လမ်းမတော် ဖိုးတုတ်ကို ဖမ်းဆီးကာ တရားရုံး တင်ပို့ခြင်းမရှိဘဲ မြောင်းမြထောင်သို့ ပို့ဆောင်ကာ ချုပ်နှောင်ထား လိုက်ပါ တော့တယ်။
ဖိုးတုတ်နိဂုံး
မြောင်းမြထောင် ဆေးရုံကြီး တွင် လူမိုက်ကြီးဖိုးတုတ် တစ်ယောက် လိပ်ခေါင်းရောဂါ၊ အသဲရောဂါ တို့ဖြင့် အသည်းအသန် ဝေဒနာ ခံစားနေရသည်။ ဘာကိုမှ မကြောက်တတ်ဘူးဆိုသော လူမိုက်ကြီး အခု တစ်စုံတစ်ရာ ကို ကြောက်နေ သည်။ သေခြင်းတရားနှင့်………….နောက်တစ်ခုက။ ခေတ်ကောင်းစဉ်က ရင်းနှီးခဲ့သည့် ပုလိပ် အင်စပက်တော် ကိုခင်မောင် က ဆေးရုံကို လာကြည့်သည်။
“ကျွန်တော် ဘာကူညီပေးရမလဲ ကိုဖိုးတုတ်"
“ကျွန်တော် သေတော့မှာပါ။ ကျွန်တော့်ကို လွန်ခဲ့တဲ့ နှစ်တွေကစပြီး ခြောက်လှန့် နေတာ ရှိတယ်။ အခု ထောင်ထဲရောက်တဲ့အထိ သူပါလာတယ်။”
"ဘယ်သူလဲ ကိုဖိုးတုတ်..ဘယ်သူက ပါလာတာလဲ”
"ဆက်ဆန်းက ဂန်ဂယားကို ကျွန်တော်တို့သတ်ခဲ့တုန်းက ကုလားမလေး..သူ..သူ ကျွန်တော့် အချုပ်ခန်းမှာ ညတိုင်းလာငိုတယ်…. အခု ဆေးရုံရောက်တော့ ကျွန်တော့် ကုတင်ခြေရင်းမှာ လာငိုနေ တယ်..သူ့မှာ အပြစ်မရှိပါဘူးဗျာ..”
"ကိုဖိုးတုတ် ခင်ဗျားဘာတွေပြောနေတာလဲ..စိတ်ကိုထိန်းပါဗျာ”
"ဆရာ ဆေးပြင်းလိပ်၊ ထန်းလျက် နဲ့ ကြက်စွပ်ပြုတ်လေး စားချင်တယ်”
ကိုခင်မောင် မျက်ရည်လည်သွားသည်။ တစ်ချိန်က ဘာမထီ လူမိုက်ကြီး ရဲ့ နောက်ဆုံး အချိန်က …..ခရိုင်ရဲဝန်ဖြစ်နေပြီဖြစ်သည့် ကိုခင်မောင် အိမ်ချက်ချင်းပြန်ပြီး ဖိုးတုတ် မှာသည့် အရာတွေကို စီစဉ်ပေးလိုက်သည်။ ကြက်စွပ်ပြုတ်ကိုသောက်နေရင်းက….
“ဒါတွေ စားရလို့ ဆရာ့ကိုကျေးဇူးတင်ပါတယ်.. တစ်ခုပဲစိတ်မကောင်းတာ…. ဗမာပြည်လွတ်လပ်ရေးမရသေးဘူး.. ကိုအောင်ဆန်းတို့ကို အားကိုးပါတယ်လို့….. ပြောပေးပါဗျာ”
လမ်းမတော်ဖိုးတုတ်ရဲ့ တောင်းဆိုသံကို ကြားရတော့ ကိုခင်မောင် ရင်ထဲနင့် သွားရသည်။ ၁၉၄၄ ဒီဇင်ဘာ ၂၆ ရက်နေ့တွင် ရန်ကုန်မြို့ရဲ့ နာမည်ကျော်လူမိုက်ကြီး လမ်းမတော်ဖိုးတုတ် အသက် (၄၆) နှစ် အရွယ်တွင် မြောင်းမြ အကျဉ်းထောင် ဆေးရုံမှာပင် ကွယ်လွန်ခဲ့ပါတယ်။


Writer : Min Pon Nya
Source : ဦးဖိုးတုတ်၏ ညီ ဦးဘသိန်း ဒေါ်ကြင် တို့၏ သမီးဒေါ်ခင်ခင် ၏ ပြောကြားချက်များအား မှီငြမ်းပြီးမင်းပုည ရေးသားသည်။

လာလည်ဖြစ်တဲ့ အတွက် ဘာဘဲဖြစ်ဖြစ် ကျေးဇူး အများကြီးတင်မိပါတယ် နောက်လဲ အလည်ပြန်လာခဲ့ဖို့ စာဖတ်ပရိတ်သတ်အား ဖိတ်ခေါ်ပါတယ် အမှားပါရင် ဝေဖန်အကြံပေးတဲ့အနေနဲ့ comment ရေးပေးသွားပြီးအကြံပြုပေးသွားစေချင်ပါတယ်။ အဆင်ပြေကြပါစေ...ဆက်လက်ကြိုးစားပါအုံးမည်....

Post a Comment

Previous Post Next Post

Credit

"Thank For All Ebook PDF Creator And Author"