By..FOOLWRITER
လူတွေက ဘောင်ခတ်နေကြသည်။ တစ်ပါးသူက ဘောင်ခတ်သည်ထက် ကိုယ့်ကိုယ်ကို
ဘောင်ခတ်သည်က များသည်။ မိမိကိုယ်ကိုယ် အကန့်အသတ် ၊ ဘောင်တွေနှင့်
စဉ်းစားကြသည်။ ဆုံးဖြတ်ကြသည်။ မှန်သည်ဟု မဆိုနိုင်သလို မှားသည်ဟုလည်း
မပြောနိုင်ပါ။
ကျွန်တော်တို့တွေ ရံဖန်ရံခါ မိမိကိုယ်တိုင် နောင်တရသည့်
အဖြစ်များ ကြုံဖူးမည်ထင်ပါသည်။ နောင်တရသည့် ဖြစ်ရပ်အတွက် မိမိကိုယ်ကို
မကောင်းမြင်မည်။ သြော် မှားလိုက်လေခြင်းဟူ၍ ၀မ်းနည်းနေမည်။ ထိုခံစားမှုသည်
ဘယ်ကလာသနည်း။ မိမိမှားသွားပြီဆိုသော အတွေးက လာခြင်းဖြစ်သည်။ မိမိစိတ်က
မိမိကို ခြောက်လှန့်နေခြင်းဖြစ်သည်။ အခု ကျွန်တော် ပုံပြင်တစ်ခုကို ပြန်လည်
ဖောက်သည်ချချင်သည်။ ရာဘင်ဒြာနတ် တဂိုး၏ ပုံပြင် ဖြစ်သည်။ ပုံပြင်အမည်က
"The Ghost of the leader" ဟူသတည်း။
"တစ်ခါက တစ်ခုသော တိုင်းပြည်တွင် လူအများက လေးစားကြည်ညိုသော
ခေါင်းဆောင်ကြီး တစ်ယောက်ရှိသည်။ ထိုခေါင်းဆောင်ကြီး သေရာ ညောင်ဇောင်းတွင်
လဲလျောင်းချိန် ရောက်သောအခါ သောကဖိစီးနေရှာသော နောက်လိုက် နောက်ပါအပေါင်းက
ယခုလို လျှောက်ထားတောင်းပန်ကြသည်။ "ကျေးတော်မျိုး ၊
ကျွန်တော်မျိုးအပေါင်းကို ပစ်မထားပါနှင့် အရှင်။ အရှင်
နတ်ရွာစံပြီးသော်လည်း ကျွန်ုပ်တို့ကို ဆက်လက်စောင့်ရှောက်ပါ။ ဆုံးမပါ။
လမ်းညွန်ပါ။---။"
ဤတွင် သနားတတ်သော ခေါင်းဆောင်ကြီးက "ဟမ်း---ကေင်းပြီ မင်းတို့ကို
စောင့်ရှောက်အံ့ ၊ လမ်ညွန်အံ့" ဟု ကတိပြုပြီး ကွယ်လွန်သွားလေ၏။ သည်လိုနှင့်
နှစ်ပေါင်းများစွာ ကြာသောအခါ လူအပေါင်းတို့မှာ ယခုလို စဉ်းစားကြပြန်သည်။
"အင်း ငါတို့ဘ၀က တယ်လည်းမွန်းကြပ်လှပါလား ။ နိစ္စဓူဝ ရိုးရာဓလေ့တွေကို
လိုက်နာရ ၊ ခေါင်းဆောင်ကြီးရဲ့ ကန်သတ်ချုပ်ချယ်မှုတွေကို လိုက်နာရနဲ့
တို့ပတ်ဝန်းကျင်မှာ ဘာတွေဖြစ်နေလို့ ဖြစ်နေမှန်းတောင် မသိတော့ပါလား----။"
ဤသို့ စဉ်စားမိရာမှ နောက်ဆုံး ခေါင်းဆောင်ကြီး တစ္ဆေကို အရဲစွန့်
လျှောက်ထားကြတော့သည်။ "
ကျွန်တော်မျိုးတို့ကို လွတ်ငြိမ်းခွင့် ပေးပါတော့ အရှင်။ အရှင်လည်း သွားလိုရာ သွားပါတော့----။
'ဤတွင် ခေါင်းဆောင်ကြီး တစ္ဆေက ပြန်ပြောလိုက်သော စကားမှာ ပုံပြင်၏ အသက်ဖြစ်သည်။
"ဟမ်း-----ငါဆိုတာ မင်းတို့ရဲ့ စိတ်ထဲမှာသာ ရှိတာပါကွယ်" ဟူ သတည်း။
ဤပုံပြင်တွင် နောက်လိုက်တို့က သူတို့ကိုယ်သူတို့
ဘောင်ခတ်မှန်းမသိ ခတ်ခဲ့ပြီ။ ခေါင်းဆောင်ကြီးက သူတို့ကို
စောင့်ရှောက်နေသည်ဟု ထင်သည်။ အပြစ်လုပ်မိလျှင် မိမိအပြစ်လုပ်မိပြီဆိုသော
အတွေးကြီးဖြင့် ပူဆွေးနေမည်။ ကျွန်တော်တို့တစ်တွေ လက်တွေ့တွင်လည်း
ထိုသို့ပင်ဖြစ်ပါလိမ့်မည်။
ကျွန်တော့် အတိတ်ကို အနည်းငယ် ပြောလိုသည်။ ကျွန်တော် ငယ်ငယ်က " လိမ်ပြောခြင်းကို အပြစ်"ဟူ၍ ဘောင်ခတ်ထားပါသည်။
တစ်ရက်က မှတ်မှတ်ရရ အမေကျွန်တော့်ကို မုန့်ဖိုးပေးလိုက်သည်။ ခါတိုင်း
မုန့်ဖိုးပေးလေ့မရှိပါ။ ကျွန်တော့်အမေက ကျွန်တော့်ကို ရေခဲချောင်း မစားရန်
သေသေချာချာ မှာလိုက်ပါသည်။ ကျွန်တော် ငယ်ငယ်က ရေခဲချောင်းစားလျှင်
ရင်ကြပ်တတ်ပါသည်။ မှတ်မှတ်ရရ ကျွန်တော်ကလည်း ရေခဲချောင်း ၀ယ်စားပါသည်။
အိမ်ရောက်တော့ ရင်ကြပ်ပါသည်။ အမေက သားကျောင်းမှာ ဘာဝယ်စားလဲလို့ မေးတော့
ကျွန်တော်လိမ်လိုက်ပါသည်။ အဲဒိနောက်ပိုင်း ကျွန်တော် အတော်လေး ၀မ်းနည်း
နောင်တရခဲ့သည်။ ငါ လိမ်ပြောမိပြီ။ ငရဲကျတော့မည်။ မြေမြိုတော့မည်။
စသည်ဖြင့်---စသည်ဖြင့်----- ရက်အတော်ကြာသည်အထိ စားမရ အိပ်မရဖြစ်ခဲ့ရပါသည်။ "
ငါခတ်လိုက်တဲ့ ဘောင်က ငါ့ကို ဒုက္ခပေးတာ" ဟု ယခုတွေးမိပါသည်။
ယခုကျွန်တော် တစ်ဖြေးဖြေးနှင့် လူလားမြောက်လာသည်။ သို့သော်
ဘောင်တွေကတော့ လျော့မသွားပါ။ ပို၍ပင် များလာပါသည်။ ဟိုဟာက ပတ်ဝန်းကျင်နဲ့
မလျော်ဖူး။ ဒါက မလုပ်သင့်ဖူး စသည်ဖြင့်--စသည်ဖြင့်---။ ကျွန်တော်လိုဘဲ
လူတွေအားလုံး ဘောင်တွေ အတွင်းက အသက်ရှင်ကြမည်ထင်ပါသည်။ ဘောင်တွေကို
ဖျက်ပစ်ဖို့ ကျွန်တော် မပြောလိုပါ။ ဘောင်အတွင်းတွင် အမြဲနေရန်လည်း
မတိုက်တွန်းချင်ပါ။ ဘောင်တွေကို ချိန်ညှိပါ ဟူ၍သာ ပြောချင်စိတ်
ဖြစ်မိပါသည်။
လာလည်ဖြစ်တဲ့ အတွက် ဘာဘဲဖြစ်ဖြစ် ကျေးဇူး အများကြီးတင်မိပါတယ် နောက်လဲ အလည်ပြန်လာခဲ့ဖို့ စာဖတ်ပရိတ်သတ်အား ဖိတ်ခေါ်ပါတယ်
အမှားပါရင် ဝေဖန်အကြံပေးတဲ့အနေနဲ့ comment ရေးပေးသွားပြီးအကြံပြုပေးသွားစေချင်ပါတယ်။ ကျွန်တော် ကိုယ်တိုင်ကလည်းကျွမ်းကျင်တဲ့ပညာရှင် တစ်ယောက်မဟုတ်လေတော့ကာခွင့်လွှတ်ပေးကြပါလို့... စေတနာအပြည့်နဲ့ အလကား ပေးချင်ရုံ သက်သက်ပါလို့ ကျေးဇူးတင်ပါတယ်။ အဆင်ပြေကြပါစေ...ဆက်လက်ကြိုးစားပါအုံးမည်....
Tags:
ဆောင်းပါးများ