Menstrual Suppression ရာသီမလာအောင်နှိမ်ခြင်း



Menstrual Suppression ရာသီမလာအောင်နှိမ်ခြင်း


(၁) ဆရာ သမီးအသက် ၂၂ နှစ် ရှိပါပြီ။ အခု ဝေဒနာပျောက်နိုင်မယ့်နည်းလေးသိချင်လို့ပါ။ လစဉ် ဓမ္မတာလာတိုင်း အပြင်းအထန် ဝေဒနာခံစားရပါတယ်။ ဖြစ်လေ့ဖြစ်ထ ရှိတတ်မှန်းသိပါတယ်။ ဒါပေမယ့် သေကောင်ပေါင်းလဲ အော်ဟစ်ညည်းညူနေရတဲ့ဘဝက လွတ်ချင်လာပြီဆရာ။ ခါးကို မတ်မတ်မရပ်နိုင်အောင် အောင့်နေရတယ်။ သေချင်နေပြီဆရာ။ ဆေးသောက်ပြန်တော့လဲခဏပဲ ပြီးရင်ပြန်အောင့်တာပါ။ ဒိုဖင်နယ် ၅ဝဝ အားကို သောက်တယ်။ ပါရာစီတမောလဲ သောက်တယ်။ ၃ နာရီလောက်ပဲ အလွန်ဆုံးသက်သာတယ်။ ဆေးကလဲ ခဏခဏသောက်လွန်းရင် ယဉ်သွားမှာစိုးတယ်။ အမြဲပျောက်နိုင်မယ့်နည်း ဒါမမဟုတ် တလမှာတစ်ခါလောက် သောက်ရုံရတဲ့ ဆေးနည်းမရှိဘူးလားဆရာ။ အဲ့ဒီရက်တွေဆို အိပ်ယာထဲမှာ သေကောင်ပေါင်းလဲ မဖြစ်ချင် တော့လို့ပါ။
(၂) သမီးမေးစရာလေးတစ်ခုလောက်ရှိလို့ပါ။ ရာသီလာမှာက အိမ်ထောင်ပြုမဲ့ရက်နဲ့ တိုက်နေပါတယ်ဆရာ။ အဲ့ဒါ နည်းနည်း စောစောလာချင်ရင် ဘယ်လိုလုပ်ရမလဲရှင့်။ အဲ့လိုလာနေတဲ့အချိန်နဲ့ အိမ်ထောင်ပြုမယ့်ရက် တိုက်လို့မရလို့ပါရှင့် ကူညီပါဦး။
(၃) ရာသီကတော့ အခုတခါလာပြီးပါပြီ ၁ လခြားမလား မခြားမလား စောင့်ကြည့်နေပါတယ်။ ဒါပေမဲ့ ရာသီလာခါနီး အရမ်းငိုတာပဲဆရာ။ အသက်မပြောခဲ့ဖူးဘူး ၂၉ နှစ်ပါ။ ရာသီလာရင် ကီလိုကျတတ်တာရယ်၊ ကျောမှာ အဖူတွေ ပေါက်တာရယ်၊ ဆေးသောက်မှားဖူးလို့ ရာသီမရပ်ဖြစ်ခဲ့ဘူးတာရယ်၊ အခု ၂ လမှ ၁ ခါ ရာသီ လာနေတာရယ်ကြောင့် ၂၈ လုံးဆေးသောက်နေပါတယ် ၁ ကတ် ကုန်သွားရင် ဆက်တိုက်သောက်ရမှာလား။ ဆေးဆိုင်ကလာတဲ့နေ့ကနေ စသောက်ခိုင်းပါတယ်။ ရာသီလာရင် နေမကောင်းဖြစ်တာ မသက်သာပါ။ ဆေး ၁ ကတ်တောင် မကုန်သေးလို့ စောင့်ကြည့်နေဆဲပါ။
ရာသီ မမှန်တာကို မှန်အောင်၊ ရာသီလာလို့ မခံမရပ်နိုင်ဖြစ်တာတွေ သက်သာအောင် Menstrual adjustment ရာသီကို တားဆီးနည်းကို သုံးနိုင်တယ်။ Menstrual suppression ရာသီမလာအောင်နှိမ်တာ ဖြစ်တယ်။ တချို့မှာ ခရီးသွားချိန်၊ အလုပ်များချိန်မှာ ရာသီလာလို့ဖြစ်ရမဲ့ ဒုက္ခသုက္ခကို ရှောင်ချင်လို့လဲ ရာသီလာမှာကို တားဆီးတာမျိုး လုပ်နိုင်တယ်။ (ဟန်းနီးမွန်း) ထွက်ချိန်၊ အပျော်ခရီးထွက်ချိန်မှာ လုပ်နိုင်တယ်။ စိတ်မမှန်သူတွေ၊ စစ်မှုထမ်း-အမျိုးသမီးတွေ၊ အားကစား-မယ်တွေ ပါမယ်။ ရာသီကြောင့် ရှိနေပြီးသား ရောဂါ ပိုဆိုးတာကို ရှောင်ချင်လို့လဲ လုပ်လို့ရပါတယ်။
အမေရိကားမှာ အသက် ၁၈-၅ဝ အတွင်း အမျိုးသမီး ၂့၅ သန်းမှာ ရာသီနဲ့ပတ်သက်ပြီး တခုခုတော့ ဖြစ်ကြရတယ်။ ၃၁% ဟာ တနှစ်မှာ ၉့၆ ရက်ကြာအိပ်ရာထဲ နေကြရတယ်။ ဒီနည်းကို သုံးနေတာ နှစ်တွေကြာပါပြီ။ အဲလို လုပ်သင့်တယ် ဆိုတာကိုရော မလုပ်သင့်ဘူး ဆိုတာအတွက်ပါ အထောက်အထားတွေ မပြည့်စုံပါ။
အကျိုးတွေ –
• ရာသီလာလို့ နာတာ သက်သာစေမယ်။
• ရာသီဆင်းများတာ သက်သာစေမယ်။
• ရာသီမလာခင်ဖြစ်ချင်တာတွေ သက်သာစေမယ်။
• သွေးမဆုံးခင်ဖြစ်တာတွေ သက်သာစေမယ်။
• ရာသီလာချိန်ဖြစ်တဲ့ (မိုင်ဂရင်း) အမူး-အကိုက်ရောဂါ၊ Endometriosis သားအိမ်ရောဂါ၊ ဝက်ခြံပေါက်တာတွေ နည်းစေမယ်။
• နေကောင်းတယ်လို့ ခံစားရသေးတယ်။
• ရင်သားတင်း-နာတာ၊ ရင်ပြည့်တာ၊ စတာတွေ သက်သာစေတယ်။
မလိုလားအပ်တာတွေလဲ ရှိပါမယ်။
• မထင်မှတ်ဘဲ သွေးဆင်းတာ ကြုံရနိုင်တယ်။ များမှာတော့ မဟုတ်ဘူး။ ဆေးသောက်ကာစ အစပိုင်းလတွေမှာ ဖြစ်မယ်။
• တကယ်လို့ ကိုယ်ဝန် ရှိနေမယ်ဆိုရင် ကိုယ်ဝန် ဟုတ်-မဟုတ် သိရတာ ခါတိုင်းလောက် မလွယ်နိုင်ဘူး။
• ဗိုက်အတင်းနာရင်၊ ရင်ပတ်နာရင်၊ သွေးဆင်းတာ များရင်၊ မျက်စိကြည့်ရတာ မကောင်း ဖြစ်လာရင်၊ ခြေထောက်ထဲက နာလာရင် ဆရာဝန် ပြရမယ်။
နည်းလမ်းတွေ
၁။ Combined oral contraceptive (COC) ဟော်မုန်း ၂ မျိုးတွဲ တားဆေးတွေကို အများဆုံး သုံးတယ်။ တားဆေးတွေက ၂၁-၂၈ ရက်သောက်ရတယ်။ အစပိုင်း ၂၁ ရက် သောက်ရတဲ့ဆေး ကုန်တာနဲ့ အရောင်ရင့် ဆေးပြား ၇ ပြားကို မသောက်တော့ဘဲ၊ နောက် ဆေးကပ်သစ်ကို ဆက်သောက်ရတယ်။ ဆရာဝန်တွေ ညွှန်လေ့ရှိတာက ဆေးကပ် ၃ ကပ် (၂၁ X ၃ = ၆၃) ပြား ဆက်တိုက် သောက်ခိုင်းတာ ဖြစ်ပါတယ်။ နောက် ၇ ရက်အတွင်းမှာ ရာသီ ပြန်လာမယ်။
• Seasonale® ဆေးဟာ ၈၄ ရက်ကို ဟော်မုန်းတွေပါပြီး၊ နောက် ၇ ရက်အတွင်းမှာ ရာသီ ပြန်လာမယ်။
• ၁၉၇ဝ ကျော်ကတည်းက သုတေသနတွေ လုပ်ခဲ့ပါတယ်။ သုတေသနမှာ Seasonale နဲ့ Nordette® (Ethinyl estradiol 30 mg နဲ့ Levonorgestrel 150 mg) ကို ဒေသ အမျိုးမျိုးမှာ နေတဲ့ အသက် ၁၈-၄ဝ အရွယ် အမျိုးသမီးတွေကို ၁ နှစ်တာ စနစ်တကျ လေ့လာခဲ့တယ်။ Nordette® ကနေ မထင်မှတ်ဘဲ သွေးဆင်းတာ ပိုနည်းတယ်။
• ဒီလိုတားဆေးကို မရပ်မနား ဆက်တိုက် သောက်နေတာကလဲ ရာသီမလာဘဲနေမယ်။ ၁၂ လသုံးသူထဲက ၅၃% မှာ စိတ်လဲ ချရတာတွေ့ရတယ်။
• Lybrel TM ဆေးကို FDA က အသိအမှတ်ပြုထားတဲ့ တနှစ်တာအတွက်ဆေး ဖြစ်တယ်။
၂။ တခြားနည်းတွေလဲ ရှိတယ်။
• Depot-medroxyprogesterone actetate injections (Depo-Provera®) (တနှစ်သုံးရင် ၅ဝ%၊ ၂ နှစ်သုံးရင် ၉ဝ% ရာသီမလာဘူး။)
• Levonorgestrel intrauterine system (Mirena®) (၈ဝ-၉ဝ% သွေးထွက်တာ နည်းတယ်။ တနှစ်သုံးရင် ၂ဝ% ရာသီမလာဘူး။)
• Etonogestrel implantable contraceptive (ImplanonTM) (ရက် ၉ဝ သုံးပြီးရင် ၂၁% ရာသီမလာဘူး။)
• ImplanonTM အရေပြားအောက် ထားရတဲ့ ဆေးချောင်းတွေကိုလဲ သုံးနိုင်တယ်။
• Vaginal ring (NuvaRing®) ကွင်းနဲ့ Contraceptive patch (Ortho Evra®) ဆေးကပ်ခွါတွေကို FDA ကနေ အသိအမှတ် ပြုမထားသေးပါ။
Counseling Women သုံးချင်တဲ့ အမျိုးသမီးတွေကို ဆွေးနွေး-အဖြေရှာပေးသင့်တယ်။ ရာသီ မလာဘဲနေရင် လာရမဲ့ သွေးတွေဟာ အထဲမှာ အောင်းနေမယ်ထင်တာ မဟုတ်တဲ့အကြောင်း ရှင်းပြရမယ်။ နောင်မှာ ကလေးမရတာလဲ မဖြစ်စေဘူး။ ဆင်းတဲ့သွေးက ပိုအရောင် ရင့်မယ်။ စေးတာပျစ်တာလဲ ခါတိုင်းနဲ့ မတူဘူး။
Menstrual mood swings ရာသီလာခြင်းနှင့် စိတ်ပြောင်းလဲမှု နဲ့ တွဲဖတ်ပါ။
Dr. တင့်ဆွေ

လာလည်ဖြစ်တဲ့ အတွက် ဘာဘဲဖြစ်ဖြစ် ကျေးဇူး အများကြီးတင်မိပါတယ် နောက်လဲ အလည်ပြန်လာခဲ့ဖို့ စာဖတ်ပရိတ်သတ်အား ဖိတ်ခေါ်ပါတယ်
စေတနာအပြည့်နဲ့ အလကား ပေးချင်ရုံ သက်သက်ပါလို့ ကျေးဇူးတင်ပါတယ်။ အဆင်ပြေကြပါစေ...ဆက်လက်ကြိုးစားပါအုံးမည်....

Post a Comment

Previous Post Next Post

Credit

"Thank For All Ebook PDF Creator And Author"