အရမ်းကို မှောင်မည်းနေတဲ့ လမိုက်ည တစ်ညရဲ့ သန်းခေါင်ယံ အချိန်၊ ခြံကျယ်ကြီး တစ်ခြံထဲက နှစ်ထပ်တိုက်ရဲ့အပေါ်ထပ်မှာ လူသုံးယောက် အိပ်နေကြတယ်။ အဲဒီအချိန်မှာ အောက်ထပ်ကနေ ကျွီဆိုပြီး တံခါးပွင့်လာတဲ့ အသံကို သူတို့ သုံးယောက်စလုံး ပြိုင်တူ ကြားလိုက်ကြရတယ်။ သရဲ သိပ်ကြောက်တဲ့ သူက..သရဲ..သရဲဆိုပြီး အော်ဟစ်လို့ ခေါင်းမြီးခြုံနေလိုက်သတဲ့။
သရဲကိုမယုံ၊ဒါသူခိုးဝင်တာပဲ ဖြစ်ရမယ်လို့ထင်တဲ့ နောက်တစ်ယောက်ကတော့ တွေ့တဲ့ပစ္စည်း ကောက်ကိုင်ပြီး အောက်ထပ်ကို ဆင်းချသွားလေရဲ့။ သရဲလည်း မသိ၊ သူခိုးလည်း ဂရုမစိုက်တဲ့ နောက်ဆုံး တစ်ယောက်ကတော့ တုတ်တုတ်မျှ မလှုပ်၊ ဆက်အိပ်နေလိုက်တယ်။ ဒီဖြစ်စဉ်ကို ကြည့်ရင် ကျွီ ဆိုတဲ့ အသံလေးက လှုံ့ဆော် လိုက်တာချင်းတော့ တူတယ်၊ ဒါပေမဲ့ သူတို့ တစ်ယောက်ချင်းစီရဲ့ ခံယူချက်ပေါ် မူတည်ပြီး သူတို့ရဲ့ တုံ့ပြန်ပုံ ကွာသွားတာကို တွေ့ရပါလိမ့်မယ်။
အခက်အခဲဆိုတာကို စိတ်ညစ်စရာလို့ မြင်ပြီး ဝေးဝေးက ရှောင်ချင်တဲ့သူက အသက်ကြီးလို့သာ လူကြီး ဖြစ်သွားရုံရှိနေချိန်မှာ အခက်အခဲတွေ စိန်ခေါ်မှုတွေဆိုတာ ကိုယ့်ရဲ့ တိမ်မြုပ်နေတဲ့ အရည်အသွေးတွေ ပေါ်လာဖို့အတွက် အခွင့်အလမ်းပဲလို့ ခံယူပြီး တက်တက်ကြွကြွ ရင်ဆိုင်ကျော်လွှားလိုက်တဲ့သူက ဘ၀မှာ အများ လေးစားရသူအဖြစ် အောင်မြင်လာတယ်။
ဆင်းရဲကျပ်တည်းတဲ့ မိသားစုက ပေါက်ဖွားလာတာချင်းတူပေမယ့် တစ်ယောက်က ဒါကို စိတ်ထွက်ပေါက် ပေးရင်းနဲ့ လူဆိုးလူမိုက် စာရင်းဝင် ဖြစ်သွားတယ်၊ နောက်တစ်ယောက်ကတော့ ငါ ဒီအခြေအနေ အဆိုးကနေ လွတ်မြောက်ဖို့ ပညာမှတစ်ပါး တခြားလမ်း မရှိဘူးလို့ ခံယူပြီး ကြိုးစားလိုက်တာ ပါမောက္ခ ကြီးတွေ သူဌေးကြီးတွေ ဖြစ်လာကြတယ်။
တကယ်တော့ ကျွန်တော်တို့ဟာ ဖြစ်ပေါ်လာတဲ့ အရာတွေကို ရွေးချယ်လို့ မရပါဘူး၊ ကျွန်တော်တို့ ရွေးချယ်လို့ရတာက အဲဒီ အဖြစ်အပျက်တွေ အကြောင်းအရာတွေကို ဘယ်လို ခံယူချက်မျိုးထားပြီး တုံ့ပြန်မလဲ ဆိုတာပါပဲ။
ယနေ့ခေတ်မှာ ဥာဏ်ရည်ဥာဏ်သွေး (IQ) မြင့်ဖို့ထက် စိတ်ပိုင်းဆိုင်ရာ အရည်အသွေး (EQ) ကောင်းဖို့က ပိုအရေးကြီးတယ်လို့ ဇောင်းပေးပြောလာကြပါတယ်။ တကယ်လည်း အောင်မြင်သူတွေကို ကြည့်လိုက်ရင် အဲဒီ စိတ်ပိုင်းဆိုင်ရာ အရည်အသွေးက အောင်မြင်မှုအတွက် အဓိက ကျနေတာကို တွေ့ရပါတယ်။
စိတ်ပိုင်းဆိုင်ရာ အရည်အသွေး ငါးခု ရှိပါတယ်။
၁။ မိမိကိုယ်ကို သိခြင်း(Self awareness)
လူဆိုတာ ကိုယ့်ကိုယ်ကိုယ် အပြစ် မမြင် တတ်ပါဘူး။ ကိစ္စတစ်ခု ဖြစ်လာတိုင်း ကိုယ်သာ မှန်တယ်ဆိုတဲ့ အတ္တမျိုး ရှိတတ်ကြပါတယ်။ လူမှု ဆက်ဆံရေးမှာတော့ အဲဒီ အတ္တဟာ တကယ့် အတားအဆီးပါပဲ။
လူဟာ ကိုယ့်ဘ၀ကိုယ်သိဖို့ သိပ်ကို လိုအပ်ပါတယ်။ ဘ၀ ဆိုတာကို ကျောင်းလို့ တင်စားရင် အဲဒီကျောင်းမှာ အောင်မြင်မှုရဖို့ ကျွန်တော်တို့တွေ စာမေးပွဲ ဖြေကြရပါတယ်။ ဒါပေမဲ့ အဲဒီစာမေးပွဲတွေက တစ်ယောက်နဲ့ တစ်ယောက် မတူဘူး။ ကိုယ့်ကို ပေးလာတဲ့ ပုစ္ဆာတွေကိုပဲ ဖြေဆိုကြရတယ်။ သူများ ပုစ္ဆာ သွားဖြေချင်လို့ မရဘူး။ ဆရာဝန် ဖြစ်သွားတာချင်း တူရင်တောင် မိဘ ပံ့ပိုးမှုရှိတဲ့သူက ကျောင်းဆက်တက်ဖို့၊ နိုင်ငံခြားထွက်ဖို့ လုပ်နေချိန်မှာ ပံ့ပိုးမှု မရှိတဲ့သူက ကိုယ့်ပိုက်ဆံ ကိုယ်ရှာနေရတယ်၊ အလုပ်လုပ် နေရတယ်။ ဒါကို ငါ သူတို့လို မဖြစ်ရကောင်းလားဆိုပြီး လောကကြီးကို အပြစ် ထိုင်တင်နေရင်တော့ အချိန်ကုန်သွားတာပဲ အဖတ်တင်မယ်၊ ဘာမှ ဖြစ်လာမှာမဟုတ်ဘူး။ အရှိကို အရှိအတိုင်း လက်ခံ၊ ကိုယ့်ဘ၀ကိုယ်သိ၊ ကိုယ့်ပုစ္ဆာ ကိုယ်နားလည်အောင်လုပ်ပြီး စာမေးပွဲအောင်အောင် ကြိုးစားကြရပါတယ်။
၂။ မိမိကိုယ်ကိုယ် ထိန်းသိမ်းနိုင်ခြင်း (Self Requlation)
အောင်မြင်မှုဆိုတာ မတော်တဆ တိုက်တိုက်ဆိုင်ဆိုင် ရလာတယ်ရယ်လို့ မရှိပါဘူး။ စနစ်တကျ လေ့ကျင့် တည်ဆောက် ယူရပါတယ်။ ခပ်ငယ်ငယ်မှာ အိပ်ချင်တာ၊ ပျော်ချင်ပါးချင် လည်ချင်ပတ်ချင်တာတွေကို ချုပ်ထိန်းပြီး ဖတ်ရ မှတ်ရ လေ့လာရပါတယ်၊ လုပ်ငန်းခွင်ထဲ ရောက်လာတော့ ပရော်ဖက်ရှင်နယ် ပီသအောင် နေထိုင်ရပြန်ပါတယ်။ အဆိုတော် တစ်ယောက်ဟာ အသံကို ဂရုစိုက်ရတယ်၊ အိပ်ရေးပျက်ခံလို့ မရဘူး၊ စားချင်ရာ လျှောက်စားလို့မဖြစ်ဘူး။ ဘောလုံးသမား တစ်ယောက်ဟာ နေ့စဉ်နေ့တိုင်း လေ့ကျင့် နေရတယ်၊ ခန္ဓာကိုယ် ကြံ့ခိုင်အောင် စားရ သောက်ရ နေရထိုင်ရတယ်။ ပိုက်ဆံမရှိသေးတဲ့ အချိန်မှာ အသစ်အဆန်း လိုချင်တာ၊ သုံးချင်စွဲချင်တာတွေကို ချုပ်တည်းရသလို၊ ပိုက်ဆံတွေ ရလာချိန်မှာ ဒီငွေတွေ ကိုယ့်ကို ဒုက္ခ ပြန်မပေးနိုင်အောင် အပျော်အပါးနောက် မလိုက်မိအောင် ထိန်းချုပ် ရပြန်ပါသေးတယ်။ ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းနိုင်စွမ်း မရှိတဲ့သူဟာ ဘ၀မှာ အောင်မြင်လည်း ခဏပါပဲ။
၃။ စိတ်ဓာတ်တက်ကြွခြင်း (Motivation)
Motivation=A passion to work for the reasons that go beyond money and status.
အကြိုက်ဆုံး အဓိပ္ပာယ်ဖွင့်ဆိုချက်ပါ။ အဝေးပြေး ကားတွေကို ညဘက်ဆို ရဲတွေ စစ်ဆေးလေ့ရှိကြတယ်၊ မှောင်ခိုပစ္စည်းတွေ မူးယစ်ဆေးဝါးတွေ ပါမပါပေါ့။ ဘာတွေလာ ရှာနေတုန်းလို့ ရဲနှစ်ယောက်ကို မေးကြည့် လိုက်မယ်။ “ဒီလိုပါပဲ၊ အထက်က လုပ်ခိုင်းလို့ လုပ်နေရတာ၊ ဓာတ်မီးနဲ့ ဟိုထိုး ဒီထိုးပေါ့” လို့ဖြေတဲ့ ရဲနဲ့ “ကျွန်တော်တို့ အလုပ်က သိပ်ကို အရေးပါတယ်၊ ကျွန်တော်တို့သာ တစ်ခုခုမှား ယွင်းသွားရင် တိုင်းပြည်အတွက် အခွန်တွေ နစ်နာမယ်၊ မူးယစ်ဆေးဝါးဆိုလည်း လူငယ်တွေအတွက် သိပ်ကို အန္တရာယ်များတယ်” လို့ဖြေတဲ့ ရဲ၊ အဲဒီနှစ်ယောက်ရဲ့အရည်အချင်းနဲ့ စွမ်းဆောင်ရည် (Performance)ဟာ တခြားစီ ဖြစ်နေမှာ အမှန်ပါပဲ။ အလုပ်ကို ပေါ့ပေါ့လေးပဲ ခံယူထားရင် ပေါ့ပေါ့လေးပဲ လုပ်မှာပါ၊ ဒီတော့ ပေါ့ပေါ့လေးပဲ အောင်မြင်မှာပေါ့။ လူတစ်ယောက် သူ့အလုပ်မှာ အောင်မြင်ဖို့အတွက် အရေးကြီးဆုံးဟာ ဘာလဲဆိုရင် သူ့အလုပ်ကိုသူ ဘယ်လို သဘောထားလဲ ဆိုတာပါပဲ။
၎။ လူမှုဆက်ဆံရေး (Social Skill)
ခေါင်းဆောင်မှု စွမ်းရည်၊ စည်းရုံး လှုံ့ဆော်နိုင်စွမ်း၊ အသင်းအဖွဲ့ စိတ်ဓာတ်၊ ဒါတွေ အကုန်ပါဝင်ပါတယ်။ လူမှုဆက်ဆံရေးလို့ ပြောလိုက်ရင် လူတွေက စကားပြော ကောင်းတာကိုပဲ ပြေးမြင်တတ်ကြတယ်။ လိုအပ်တာတော့ မှန်ပေမယ့်၊ ခိုင်မြဲပြီး အပြန်အလှန် အကျိုးပြုတဲ့ ပေါင်းသင်းဆက်ဆံရေး တစ်ခုကို တည်ဆောက်နိုင်ဖို့အတွက် အဲဒါထက် ပိုအရေးကြီးတာက ခံယူချက်ပါ။ တချို့ဟာ ရုပ်ရည်မရှိလို့၊ လူကောင်သေးလို့၊ အသက်ငယ်လို့၊ အတွေ့အကြုံမရှိလို့ စသဖြင့် ကိုယ့်ကိုကိုယ် အငုံ့စိတ် (Inferiority complex) ၀င်နေတဲ့အခါ လူတွေနဲ့ဆက်ဆံရတာ အဆင်မပြေတော့ပါဘူး။ သူများအတွက် သာမန်လို့ ထင်ရတဲ့ ကိစ္စလေးတွေက သူ့အတွက်တော့ ငါ့မို့လို့ လုပ်တာ၊ ငါ့ကို စော်ကားတာ၊ ငါ့ကို ပညာပြတာ စသဖြင့် ထင်မြင် သွားတတ်ပါတယ်။ အဲဒီနောက်တော့ တစ်ယောက်နဲ့ တစ်ယောက် ဆက်ဆံရ အဆင်မပြေတော့ပါဘူး။
လူတစ်ယောက်ဟာ ကိုယ့်ကိုယ်ကိုယ် လေးစားမှုရှိရဲ့လား ယုံကြည်မှုရှိရဲ့လား ဆိုတာအပြင် တခြားလူတွေအပေါ်မှာ တခြားလူတွေရဲ့ အလုပ်တွေအပေါ်မှာ ဘယ်လို သဘောထားလဲ ဆိုတာကပါ ပေါင်းသင်းဆက်ဆံရေးမှာ အရမ်းအရေးပါပါတယ်။
၅။ ကိုယ်ချင်းစာတရား (Empathy)
လေးစားရတဲ့ ဆရာတစ်ယောက်က ပြောဖူးပါတယ်၊ ရင့်ကျက်တယ်ဆိုတာ တခြားလူဘက်က တွေးပေးတတ်တာကို ခေါ်တာတဲ့။
ကျွန်တော် NGO မှာ အလုပ်စ၀င်တော့ ကျွန်တော်နဲ့အတူ အလုပ်လုပ်တဲ့ သူတွေဆီက လစာတိုးပေးဖို့ အကြောင်း ကြားရတဲ့အခါတိုင်း သိပ်စိတ်ပျက်ဖူးတယ်၊ ဒီအလုပ်လုပ်တာ ဘယ့်နှယ့်လစာကို အဓိက ထားရတာလဲ၊ ပရဟိတ စိတ်ကို အရင်းခံရမှာပေါ့လို့ တွေးဖူးခဲ့တယ်။ ကိုယ်ကတော့ ပြောနိုင်တာပေါ့၊ ကိုယ့် ကို မှီခို စားသောက်နေတဲ့သူ ဆိုတာမှ မရှိဘဲကိုး၊ ကိုယ်ရတာ ကိုယ်သုံးရုံပဲ။
ဒါပေမဲ့ သူတို့ကျတော့ အဲလို ဟုတ်မနေဘူး၊ အကြောင်းတိုက်ဆိုင်လို့ သူတို့အိမ်တွေ ရောက်ဖြစ်ခဲ့တဲ့အခါ အဖေက အိပ်ရာထဲလဲနေတာ၊ အမေဖြစ်သူက အဖေ့ကိုပြုစုရင်း ကလေး အငယ်လေးတွေကို စောင့်ရှောက် နေရတာတွေ မြင်ရတော့မှ သူများဘက်က တွေးမကြည့်ခဲ့ဖူးတဲ့ ကိုယ့်ကိုယ်ကိုယ် သိပ်စိတ်ပျက်ခဲ့ရတယ်။ အဲဒီနေ့ဟာ ကျွန်တော့်ရဲ့ ရင့်ကျက်မှုကို တစ်ဆင့် တက်စေခဲ့တဲ့နေ့ပဲ ဖြစ်ပါတယ်။ အဲဒီနောက်တော့ လူတွေနဲ့ ပေါင်းသင်း ဆက်ဆံတဲ့အခါမှာလည်း ပိုအဆင်ပြေလာတယ်။ ကိုယ်လိုချင်တာ တစ်ခုတည်း သိတာမျိုး မဟုတ်တော့ဘဲ တစ်ဖက်မှာ ရှိနေနိုင်တဲ့ အခက်အခဲ တွေကိုပါ နားလည် ပေးတတ်လာတယ်။
တကယ်တော့ ကိုယ်ချင်းစာစိတ်ဟာ ပေါင်းသင်း ဆက်ဆံရေး ကောင်းဖို့အတွက် အသက်သွေးကြော ဆိုလည်း မမှားပါဘူး။
ယေဘုယျအားဖြင့်တော့ အောင်မြင်မှုတစ်ခုရဲ့ ၁၀ ရာခိုင်နှုန်းကသာ ဥာဏ်ရည် ဥာဏ်သွေး ကောင်းမွန်မှု ကြောင့်ဖြစ်ပြီး ကျန်ရာခိုင်နှုန်း ၉၀ ကတော့ စိတ်ဓာတ် အရည်အသွေး အပါအ၀င် တခြားသော အကြောင်း အရာတွေ ကြောင့်လို့ စိတ်ပညာရှင်တွေက လက်ခံထားကြပါတယ်။
ကြားဖူးတာလေး ရှိပါတယ်။
A bad attitude is like a flat, you can’t go anywhere until you change it.
အားနည်းနေတဲ့ စိတ်ဓာတ် (အဆိုးမြင်စိတ်) ဆိုတာဟာ ပေါက်နေတဲ့ ဘီးနဲ့ တူပါတယ်၊ အဲဒီဘီးကို အသစ် မလဲမချင်း ကိုယ်ရောက်ချင်တဲ့ နေရာကို ဘယ်တော့မှ ရောက်မှာ မဟုတ်ပါဘူး။
ဘ၀မှာ ကိုယ်ရည်မှန်းထားတဲ့ ပန်းတိုင်ကို အရောက်သွားနိုင်ဖို့အတွက် စိတ်ဓာတ် အရည်အသွေး (Emotional quotient)အားကောင်းဖို့ လိုပါတယ်။
Writer:
Dr .Phio Thiha
လာလည်ဖြစ်တဲ့ အတွက် ဘာဘဲဖြစ်ဖြစ် ကျေးဇူး အများကြီးတင်မိပါတယ် နောက်လဲ အလည်ပြန်လာခဲ့ဖို့ စာဖတ်ပရိတ်သတ်အား ဖိတ်ခေါ်ပါတယ် အချိန်လေးများရရင်ကြော်ငြာလေးတွေ ကလစ် ၁ချက်လောက်နှိပ်ပြီး ကူညီပေးပါအုံးခင်များ
အမှားပါရင် ဝေဖန်အကြံပေးတဲ့အနေနဲ့ comment ရေးပေးသွားပြီးအကြံပြုပေးသွားစေချင်ပါတယ်။
... စေတနာအပြည့်နဲ့ အလကား ပေးချင်ရုံ သက်သက်ပါလို့ ကျေးဇူးတင်ပါတယ်။ အဆင်ပြေကြပါစေ...ဆက်လက်ကြိုးစားပါအုံးမည်....
Tags:
ဆောင်းပါးများ