မျောက်အုန်းသီးထောင်ချောက်
တစ်ခါတစ်လေ ခင်ဗျားတို့ တစ်တွေ မနက် အိပ်ယာကနိုးရင် ဘာ့ကြောင့် ရယ်မသိ စိတ်ဖိစီးနေတာမျိုး ဖြစ်ဖူးကြလား။ တစ်စုံတစ်ခု က ခင်ဗျားတို့ကို ဖမ်းစား ထားသလို။ ပြည့်ကျပ် နေသလို စတဲ့ ခံစားချက် လေးတွေပေါ့။ ဒါနဲ့ ပတ်သက်ပြီး ကျွန်တော် ခင်ဗျားတို့ကို ပုံပြင် တစ်ခု ပြောပြ ချင်တယ်။ ပုံပြင် ဆိုတာထက် တကယ်က ရိုးရိုး ထောင်ချောက် တစ်ခု အကြောင်း ပါ။ ဒါပေမယ့် ဒီအကြောင်းမှာ ခင်ဗျားတို့ ကျွန်တော် တို့ ဖြစ်လေ့ ရှိတဲ့ စိတ်ဖိစီးမှု အတွက် အဖြေ ပါတယ်။
ထောင်ချောက်ကလေး နာမည်က "မျောက်အုန်းသီး" လို့ ခေါ်တယ်။
ဒီထောင်ချောက်လေးတွေကို တောင်ပင်လယ် အစပ်နားဆီက ဘော်နီ ဆိုတဲ့ ကျွန်းပေါ်မှာ အများအပြား တွေ့ရတယ်။ ဒေသခံ ကျွန်းသား ကျွန်းသူတွေဟာ ဒီမျောက်အုန်းသီး ထောင်ချောက် ကို အသုံးပြုလို့ မျောက်ဖမ်းလေ့ ရှိကြပြီး မိတဲ့ မျောက် တွေကို ကမ္ဘာ အနှံ့က တိရိစ္ဆာန်ရုံတွေ ဆီကို ရောင်းစား ကြပါတယ်။ ဒါ့ကြောင့် ထိခိုက်မှု မရှိအောင် ဖမ်းတဲ့ နေရာမှာ ဒီ ထောင်ချောက် လေးက အလွန် အသုံးဝင် လှပါတယ်။
ထောင်ချောက်ကလေး ပြုလုပ်ပုံက လွယ်လွယ်လေး။ အုန်းသီးလေးကို ထိပ်ကနေ မျောက် လက် တစ်ချောင်း ထည့်စာ လောက် ဖွင့်လိုက်။ အရည်တွေ သွန်ထုတ်။ ပြီးရင် အထဲမှာ မျှားစာ အနေနဲ့ ဌက်ပျောသီး တစ်လုံးထည့်။ ပြီးတာနဲ့ အုန်းသီးအောက်ကို ချိန်းကြိုးနဲ့ ချိတ်ပြီး ကြိုးကို အပင်ရင်းမှာ ချည်ထား။ ပြီးရင် အုန်းသီးနား တစ်ဝိုက်မှာလဲ ဌက်ပျောသီး သုံး၊ လေးလုံး ချထားလိုက်။ ဒါပဲ။ ကဲ... မလွယ်ဘူးလား။
မျောက်လာပြီဆိုရင်.. မျောက်က အပြင်မှာ ရှိတဲ့ ဌက်ပျောသီး တွေကိုတွေ့။ တွေ့တော့ လာစား။ စားနေတုန်းမှာ အထဲက ဌက်ပျောသီးကို တွေ့။ ဒီတော့ ဝမ်းသာအားရ လက်နဲ့ နှိုက်လို့ ပြန်ထုတ် တာပေါ့။ ဒါပေမယ့် အဝက မျောက် လက်တစ်ချောင်း ဝင်စာပဲ ဆန့်တော့ ဘယ်လို နည်းနဲ့မှ ဌက်ပျောသီး ကိုင်ထားတဲ့ လက်က ပြန် မထွက်လာ ဘူး။
ဒီတော့ မျောက် အနေနဲ့ ဒီဘေးက လွတ်ချင်ရင် ဌက်ပျောသီးကို လွှတ်ချမှ ကို ဖြစ်မယ်။ ဒါမှ ရှောရှောရှူရှူ လက် ပြန်ထွက်လာ မှာလေ။ သနားစရာ မျောက်ဆိုတာ ဒီလိုမျိုး ဘယ်တော့မှ မတွေး တတ်ဘူး။ ဌက်ပျောသီးကို မလွှတ်တမ်း ဆုပ်ထားလေ့ ရှိတယ်။ ပြီးရင် ရွှေဉာဏ်တော် စူးရောက်တာက အုန်းသီးကိုမ ပြေးလေ့ ရှိတယ်။ ဒီအခါမှာလဲ ချိန်းကြိုးနဲ့ အုန်းသီးက ဆွဲထားလေတော့ ဝေးဝေးမရောက်။
ဒီလို အုန်းသီးကို မလိုက် ဟိုပြေးလိုက် ဒီပြေးလိုက် လုပ်နေရင်း နဲ့ မျောက် ဟာ မောလာတယ်။ ဒီတော့မှ မျောက်ဖမ်းသမား တွေက ပုန်းနေရာက ထွက်ပြီး အလွယ်တကူ မျောက်ကိုဖမ်း တော့တာပဲ။ ဒီ ထောင်ချောက်လေး နဲ့ မျောက်ဖမ်းပုံ ကို သိလိုက် ရတဲ့အခါမှာ တွေးမိတာလေး တစ်ခု ရှိတယ်ဗျ။
"လူတွေရော မျောက်အုန်းသီး လို ထောင်ချောက် မိနေသလား ဆိုတာ။"
လူသားတွေကတော့ မျောက်တွေလို တကယ်ကြီးကို အုန်းသီးထဲ လက်ထည့် လေ့တော့ မရှိကြပါဘူး။ သို့သော် လူကြီး တွေရော လူငယ်တွေရော ကျွန်တော်တို့ တတွေ မျောက်အုန်းသီး ကဲ့သို့ သော ပတ်ဝန်းကျင်မှာ ပိတ်မိနေတတ်တယ်။
ပိုင်ဆိုင်မှု၊ အလုပ်အကိုင်၊ လူမှုဆက်ဆံရေး စတဲ့ အခြေအနေ တွေကို မလွတ်တမ်း ဆုပ်ကိုင် ထားကြတာ မျောက်ကိုင် ထားတဲ့ အုန်းသီး လိုပဲ။
သဘောက ဘာလဲဆိုတော့ ပုံပြင်လေးကို ပြန်ကြည့်မယ် ဆိုရင် "မျောက်က အုန်းသီးကို ကိုင်ထားတယ်" ဆိုရာမှာ အုန်းသီးဟာ သူ့အတွက် သုခလား ဒုက္ခလား။
လေးလေး ပင်ပင်နဲ့ ဗျာ။ ဒါကြီးမနည်း ရွှေ့ပြီးသွားနေရတာ။ ဒုက္ခပေါ့။
ဒါပေမယ့် ဒါကြီးကို မလွှတ်ဘူး။ ဘာကြောင့်လဲဆိုတော့ အထဲက သုခ "ဌက်ပျောသီး" ကြောင့်။
သူ ဒီ ဌက်ပျောသီး ကို စားချင်တာ။ ဒီဌက်ပျောသီးကို စားချင် စိတ် နဲ့ အုန်းသီး ကို သယ်ထား ရတာ။
ဒါ့ကြောင့် ကျွန်တော်တို့ လူနေမှု ရှုထောင့်ကနေ ပြန်ကြည့်မယ် ဆိုရင်...
ပိုင်ဆိုင်မှုတွေ ဖြစ်တဲ့ ဥပမာ.. တီဗွီ ဆိုပါစို့။ ဒါကြီးကို ဝယ်ထား တယ်ဗျာ။ ဘာလို့ ဝယ်သလဲဆိုတော့... အထဲက သုခကြောင့် ဒီ ဒုက္ခကြီးကို ဝယ်ထားတာ။
ဒီလိုပဲ ကိုယ်မကြိုက်ပဲ လုပ်နေရတဲ့ အလုပ်တို့၊ မနေချင်ပဲ ရောက် နေရတဲ့ အရပ်တို့၊ မရှိချင်ပဲ ကြည့်နေ ရတဲ့ ပစ္စည်းတို့ စသဖြင့် စေ့စေ့တွေး ရေးရေးပေါ် ဆိုသလို တဖြည်းဖြည်း နဲ့ ဒီ မျောက်အုန်းသီး လေးတွေ ကိုယ့်ဆီမှာ အရမ်း များနေတာ ကို တွေ့လာ ရလိမ့်မယ်။
ဒီလို မျောက်အုန်းသီးလေး တွေ ကိုယ့်ဆီမှာ ရှိနေမှန်း သိတယ် ဆိုရင်ကို ကျွန်တော် ဒီပို့စ်လေး ရေးရတာ တန်သွားပါပြီ။
"မျောက်အုန်းသီးလေးကို လွှတ်လိုက်ပါ" လို့တော့ ကျွန်တော် မတိုက်တွန်း လိုပါဘူး။ လူတိုင်း လူတိုင်း ဒီ မျောက် အုန်းသီး လေးထဲကို တမင် လက်ထည့်ထားတာ မဟုတ်ဘူး ဆိုတာ ကျွန်တော် သိတယ်လေ။
ဒီတော့ ထည့်ထားပါ။ ရပါသေးတယ်။
ဒါပေမယ့် ပုံပြင်ထဲက မျောက်လို လူတွေ လာခေါ်တဲ့ အခါမှာ ဌက်ပျောသီး လွှတ်မချလို့ အုန်းသီးဖက်ရက်လေး အမိခံရတဲ့ အဖြစ်တော့ မဖြစ်စေ ကြပါနဲ့။ လွှတ်သင့်ချိန်မှာ လွှတ်ပြေး နိုင်ကြပါစေ။
--------------------
- မှတ်စုကြမ်း

လာလည်ဖြစ်တဲ့ အတွက် ဘာဘဲဖြစ်ဖြစ် ကျေးဇူး အများကြီးတင်မိပါတယ် နောက်လဲ အလည်ပြန်လာခဲ့ဖို့ စာဖတ်ပရိတ်သတ်အား ဖိတ်ခေါ်ပါတယ်
အမှားပါရင် ဝေဖန်အကြံပေးတဲ့အနေနဲ့ comment ရေးပေးသွားပြီးအကြံပြုပေးသွားစေချင်ပါတယ်။ အဆင်ပြေကြပါစေ...ဆက်လက်ကြိုးစားပါအုံးမည်....