မလိုချင်တဲ့ ကိုယ်ဝန်




ကျွန်မ ကိုယ်ဝန်ပျက်ကျသွားပြီးနောက် ၂ လကြာသည်အထိ ရာသီ မဆင်းသေးပါ။ အန္တရာယ်များ ရှိနိုင်ပါသလား။ ဆေးသုံးလို့ ပျက်ကျထားတဲ့ ကိုယ်ဝန်ဖြစ်ပါတယ်။ ရာသီပုံမှန် ပြန်ဆင်းနိုင်ဖို့အတွက် ဘာဆေးတွေ သောက်သင့်သလဲ။ ဘယ်လိုနေသင့်သလဲ ဆိုတာ ဖော်ပြပေးပါ။

March 1, 2010 10:37 AM
အခုလိုဖြစ်ပြီးနောက် ရာသီမဆင်းသေးတာက အန္တရာယ်မဖြစ်ပါ။ တယောက်နဲ့တယောက် မတူဘူး။ ကိုယ့်မှာရှိနေတဲ့ ဟော်မုန်းတွေ အနည်းအများနဲ့ အချိုးအဆ မတူကြလို့ပါ။

သောက်လိုက်ရတဲ့ ဆေးထဲမှာလဲ ဟော်မုန်းတွေပါတာမို့ အပြောင်းအလဲ ဖြစ်သွားတာကြောင့် မဆင်းသေးတာတို့၊ နည်းသွားတာတို့၊ များလာတာတို့ တခုခုဖြစ်တာပါဘဲ။ ပြန်ဆင်း အောင် ဆေးမသောက်ဘဲလဲ အချိန် စောင့်နိုင်တယ်။ တကယ်လို့ နောက်တခါ ကိုယ်ဝန် မယူချင်သေးဘူး ဆိုရင်တော့ ရာသီမလာသေးလဲ၊ သေခြာအောင် တားနည်းတခုခု လုပ်ရပါမယ်။ အရင်က ရာသီလာတာ မှန်နေသူဆိုရင်၊ ကိုယ်ဝန်ရှိ-မရှိ ပူစရာလဲမလိုရင် အချိန်စောင့်ပါ။

ကိုယ်ဝန်ပျက်တာနဲ့ မဆိုင်ဘဲ ရာသီလာတာ လမမှန်သူများ၊ အိမ်ထောင်ရှိရှိ-မရှိရှိ လမှန်မှန် လာချင်ရင် ကိုယ်ဝန်တား စားဆေးကို ၃ လ လောက်သောက်ရင် ပုံမှန်ဖြစ်လာမယ်။

နေ့စဉ် သောက်ရတဲ့ တားဆေးတွေမှာ ပဌမ ၂၁ ရက် သောက်ရတဲ့ အရောင်မတူတဲ့ ဆေးလုံးတွေ သောက်နေတုံး ရာသီမဆင်းဘဲ၊ အဲဒီဆေးလုံး ကုန်တာနဲ့ ဆင်းလာတယ်။

ဒါ့ကြောင့် တလဲထဲ ၂ ခါ လာတတ်သူတွေပါ ဒီနည်းကိုလုပ်နိုင်တယ်။ ဆရာ့ဆေးခန်းမှာတော့ အဲလိုဖြစ်နေသူက အိမ်ထောင်မရှိသူ ဖြစ်နေရင် ကိုယ်ဝန်တား စားဆေးကို တလုံးစီ ဖေါက်ပြီး ဆေးထည့်အိပ်ထဲထည့် ပေးလိုက်ရတယ်။ ကပ်လိုက်ဆိုရင် သူများမြင်တဲ့အခါ အထင်မမှားအောင်လို့။ ဆေးတွေကတော့ရှိတာပေါ့။ လူ့ကိုယ်က သဘာဝအတိုင်း ပြန်မှန်လာအောင် လုပ်ပါလိမ့်မယ်။ သိပ်မစိုးရိမ်ပါနဲ့။ စိတ်အေးတည်ငြိမ်မှု၊ အစာအာဟာရ လုံလောက်ညီမျှမှုဖြစ်ပါစေ။

March 2, 2010 7:12 PM
ကျေးဇူးတင်ပါတယ် ဆရာ။ ကျွန်မက စိတ်ပူပြီး ခါတိုင်းသောက်နေကျ သွေးဆေးတွေတောင် သောက်မိတယ်။ ခုဆို ဆေးသောက်စရာ မလိုဘူးပေါ့နော်။ ဘယ်အချိန်လောက်ထိ ပြန်စောင့်ရမှာလဲ။ ဇန်နဝါရီလက ကိုယ်ဝန်ပျက်ကျထားတာပါ။ အခု March ထိမလာသေးလို့  စိတ်ပူမိလို့ ပါ။ ခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်ရှင်။

March 17, 2010 3:11 PM
ကိုယ်ဝန်ပျက်ကျသွားပြီးနောက် နောက်တစ်ခါ ဓမ္မတာပေါ်ဖို့အတွက် အချိန်မည်မျှကြာကြာ စောင့်ရတက်ပါသလဲ။ ၅ လ၊ ၆ လ လောက်ထိ စောင့်ရတတ်ပါသလား။ နောက်တခါ ကိုယ်ဝန်ရဖို့ကော ဖြစ်နိုင်ချေရှိပါ့မလား။ ကျွန်မသုံးခဲ့သော ဆေးမှာ သားအိမ်အတွင်းသို့ တိုက်ရိုက်ထည့်လိုက်ရသော ဆေးဖြစ်ပါတယ်။ ဆေး ၂ တောင့်ထည့်ရပြီးနောက် ၃ နာရီခြားကာ သွေးများ ဆင်လာပါတယ်။ ပြီးနောက် ပြီးသွားပါတယ်။ ဟော်မုန်းပြောင်းလဲသွားပြီးနောက် နဂိုအတိုင်းပြန် ပုံမှန်ဖြစ်ဖို့ အတွက် မည်မျှကြာကြာ စောင့်ရတတ်ပါသလဲ။

တယောက်နဲ့ တယောက် မတူတတ်ပါ။ အများအားဖြင့် ဆက်တိုက်ပြန်လာပါတယ်။ ကိုယ်ဝန်ပျက်သွားတာကို ရာသီတလတွက် ဆင်းသွားတယ်လို့ အောက်မေ့နိုင်ပါတယ်။

May 7, 2010 5:12 PM
အတူနေပြီးလို့ Morning after pill သောက်လိုက်ပေမဲ့ သားအိမ် အပြင်မှာ သန္ဓေတည်နိုင်ပါသေးလား။

Morning-after pill ဆိုတာက မျိုးဥ မထွက်ခင် (သွေးဆင်းအပြီး ၁၄ ရက်အတွင်း) သောက်ရင် မျိုးဥ ထွက်မလာအောင် လုပ်တယ်။ ဒီရက်နောက်မှ သောက်ရင် မျိုးဥကို ပြွန်ကတဆင့် သားအိမ်ထဲ ဆင်းလာမှာကို တားဆီးပြီး၊ သားအိမ်နံရံကို လာကပ်မှာကိုလည်း တားဆီးတယ်။

လက်တွေ့မှာ Morning-after pill ကြောင့် Ectopic pregnancy ရစေတယ်ဆိုတာ ကျွန်တော် သိသလောက် မဖြစ်ပါ။ (သီအိုရီ) အရ ပြန်စဉ်းစားရင် မဖြစ်နိုင်ဘူး ဆိုတာတော့ ရာနှုံးပြည့်လို့ ပြောမရဘူး ထင်ပါတယ်။ ဆေးကို သွေးဆင်းအပြီး ၁၄ ရက်နောက်မှ သောက်ရင်၊ ပြွန်ထဲကို မဆင်းဘဲ တခြားနေရာမှာ သွားတည်တာ ဖြစ်နိုင်တယ်လို့ ပြောရင် ငြင်းဘို့ ခက်ပါတယ်။

June 14, 2010 6:21 PM
အတူနေပြီးလို့ Emergency Contraception ဆေး Ecee2 ကိုသောက်ပြီးသွားတဲ့ခါမှာ နောက်လတွေရော ရာသီသွေး ပုံမှန် ပြန်ဆင်းပါလား။ ဒီဆေးက ကိုယ်ဝန်မရနိုင်အောင် တားဆီးပေးတာ သေချာပါလား။ ဒီဆေးကဘယ်လို Side Effect တွေ ရရှိနိုင်လဲ သိချင်ပါတယ်။

Ecee2 ဆိုတာကို နိုင်ငံအမျိုးမျိုးမှာ နာမည်အမျိုးမျိုးနဲ့ ရှိတယ်။ ဆေးကတော့ Levonorgestrelm ဖြစ်ပေမဲ့ Mirena, Pkan B, One-Step, Next Choice လို့ရေးပြီး ရောင်းတယ်။

Progestins ဟော်မုန်းတမျိုးထဲပါတဲ့ အရေးပေါ် ကိုယ်ဝန်တားဆေး ဖြစ်ပါတယ်။ ပုံမှန် ကိုယ်ဝန်မရှိအောင်အတွက် သုံးဘို့ မညွှန်းပါ။ သွေးဆင်း မမှန်တာအတွက်လဲ သုံးတတ် သေးတယ်။

မရည်ရွယ်ဘဲ ဆက်ဆံမိလို့၊ သဘာမတူဖြစ်သွားလို့၊ အကာအကွယ်မပါဘဲ ဖြစ်သွားလို့ ဆိုရင် ချက်ချင်း ဒီဆေး သောက်ရတယ်။ ၇၂ နာရီအထိ သေခြာတယ်။ အမှန်က ၅ ရက်အထိ ကြာသွားတာတောင် ကာကွယ်နိုင်သေးပါတယ်။ ပဌမဆေး ၁ လုံးသောက်ပြီးနောက် ၁၂ နာရီအကြာမှာ နောက်ဆေး ၁ လုံးထပ်သောက်ရတယ်။ ဆရာဝန်က တမျိုးညွှန်ကြားတာလဲ ရှိနိုင်သေးတယ်။ ရာသီဆင်းနေတဲ့ရက် ဘယ်ရက်မှာမဆို သောက်နိုင်တယ်။

တချို့က ဆေးသောက်ပြီး အန်တတ်တယ်။ ပျို့တာ၊ ဗိုက်နာတာ၊ ခေါင်းမူးတာ၊ ရင်သားတင်းတာ၊ ခေါင်းကိုက်၊ ဝမ်းပျက်၊ မောပန်းတာ၊ အားယုတ်တာတွေ ဖြစ်တတ်တယ်။ နောက်လ တွေမှာ ရာသီ ပုံမှန်ပြန်ဆင်းနိုင်သလို ပြောင်းတာမျိုးလည်း ဖြစ်နိုင်တယ်။

November 9, 2010 6:39 PM
ကျွန်တော်တို့ စုံတွဲက လိင်ဆက်ဆံခြင်း အဆင့်ထိ မရောက်ခဲ့ဘူးပါဘူး။ ဒါပေမယ့့် အခု သူက ရာသီမလာတာ ဆယ့်ငါးရက် ကျော်နေပါပြီ။ အထက်ပါအကြောင်းအရာတွေက ကိုယ်ဝန်ရရှိစေနိုင်ပါလား ရာသီမလာတာကရော ဘယ်လို အကြောင်းများကြောင့်လဲ ကိုယ်ဝန် ရရှိသွားရင် အမြန်ဆုံးဘယ်လို နည်းလမ်းများနဲ့ သိရှိနိုင်ပါလဲ။

ကိုယ်ဝန်ဟုတ်-မဟုတ် အသေအခြာ မပြောနိုင်ပါ။ Urine for pregnancy test နဲ့ စမ်းပါ။ မျဉ်း ၂ ကြောင်းပေါ်ရင် ကိုယ်ဝန်ရှိတယ်။

November 10, 2010 11:45 AM
ဆရာ ecee2 ကို ဖြစ်ပြီးတန်းသောက်ရတာလားဆရာ။ ၁၂ နာရီခြား ဆေးနှစ်လုံးစလုံး သောက်ပြီး အဲဒီနေ့တန်းဖြစ်ရင် ထပ်သောက်ရလား။ ဆေးတစ်လုံးသောက်ပြီး နောက်တစ်လုံး မသောက်ခင်ကြားကော ဖြစ်လို့ရလား။

၁။ ဒီဆေးက ကိုယ်ဝန်ဖျက်ဆေး မဟုတ်ပါ။ ကိုယ်ဝန်တားဆေးဖြစ်တယ်။ ကိုယ်ဝန်ဖြစ်ပြီးသားကို မပျက်စေနိုင်ပါ။ ဒီဆေးထဲမှာ Progesterone or Oestrogen ဟော်မုန်းတွေ အများကြီးပါတယ်။ ဥဖြစ်လာမှာကိုတားတယ်၊ ဥနဲ့ သုတ်ပိုး မတွေ့အောင် တားတယ်။ သူတို့နှစ်မျိုးတွေ့ပြီးအုံးတော့ သားအိမ်အတွင်းနံရံမယ် လာတွယ်မှာကို တားတယ်။

၂။ လိင်ဆက်ဆံမှုဖြစ်ပြီး ၃-၅ ရက်အတွင်း ဆေးသောက်တယ်ဆိုရင် ဆက်ဆံတာ ဘယ်နှစ်ကြိမ်ဖြစ်ဖြစ် တားနိုင်တယ်။ ဆေးသောက်ထားတာနဲ့ ၃-၅ ရက်အတွင်း လိင်ဆက်ဆံမှုက အချိန်အရ အကြုံးဝင်နေရင် ကာကွယ်နိုင်မယ်။ ဆိုလိုတာက နောက်ဆုံးအကြိမ် လိင်ဆက်ဆံမှုနဲ့ တွက်ရမှာပါ။

၃။ ဆေး ၂ လုံးစလုံး သောက်ထားမှ သေခြာတယ်။ ပဌမ ၁လုံးနဲ့ ဒုတိယ ၁ လုံးကြား ဆက်ဆံမိတာလဲ အကြုံးဝင်ပါမယ်။

၎။ နောင်မှာလဲ ဆက်ဆံဘို့ရှိနိုင်သူဆိုရင် ဒီဆေးမျိုးသောက်၊ ရာသီလဲလာပြီးရင် တနေ့ ၁ လုံး၊ တလ ၂၁ လုံး သောက်ရမဲ့ဆေး ဆက်သောက်နေရမယ်။ ဒါမှမဟုတ် တခြားနည်းလမ်းတခုခုကို သုံးရမယ်။

၅။ နောင်ကို တိုက်ရိုက် အီးမေးလ် နဲ့ မေးရင် တိုက်ရိုက်ဖြေပါမယ်။

December 21, 2010 1:06 AM
RU486 (Mifepristone) ကို ဆရာဝန်ညွန်ကြားချက် မရှိဘဲသောက်ရင် ဘယ်လို ဘေးထွက်ဆိုးကျိုးတွေ ရနိုင်ပါသလဲ။

Medical Abortion (RU486) ဘေးထွက်ဆိုးကျိုးတွေက ဒုတိယ ဆေးကြောင့်ဖြစ်တာ များတယ်။ သွေးအများကြီးဆင်းမယ်၊ ခေါင်းကိုက်မယ်၊ ပျို့-အန်မယ်၊ ဝမ်းပျက်တတ်တယ်၊ ဗိုက်အတော်နာမယ်။

July 29, 2011 1:07 PM
ကျွန်မနဲ့ ကျွန်မချစ်သူ မရည်ရွယ်ပဲနဲ့ ကိုယ်ဝန်ရချင်သလို ဖြစ်နေပါတယ်။ ရာသီမလာတာတော့ ပုံမှန် လာရမယ့်ရက်ထက် ၂ ပတ်ကျော်နေပါပြီ။ မသင်္ကာလို့ ဆီးစစ်ကြည့် လိုက်တော့ ကိုယ်ဝန်ရှိနေတဲ့ လက္ခဏာပြနေပါတယ်။ ကူညီပါဦးဆရာ။ အလွန်ဆုံးရှိ ၁ လလောက်လို့ပဲ ထင်ပါတယ်။ ဆေးနဲ့ပဲ ဒီကိုယ်ဝန်ကို ဖျက်ချချင်ပါတယ်။ ဆေးနည်း ကောင်းလေးများ ပေးပါဦးဆရာရယ်။

အရင် မေးဘူးတာတွေကို ဖြေသလိုဘဲ။ ကျွန်တော်က မြန်မာပြည်က ဆေးပညာသင်ထားသူမို့ တမင် ကိုယ်ဝန် ပျက်စေတာကို မခိုင်း-မလုပ်ပေးပါ။ ပညာအရသာ ဆေးခန်းက ဆရာမတွေ တတ်သိ နားလည်ကြအောင် ကိုယ်ဝန်ဖျက်တဲ့အကြောင်းတွေ ရေးပါတယ်။

January 15, 2012 10:48 AM
ကိုယ်ဝန်ပျက်ကျပြီး သွေးဆင်းနည်းနေတာ (ဆိုင်ဒိုတက်)တစ်လုံးသောက်ဖို့လိုလား သားအိမ်ထဲမှာ တစ်ခုခုကျန်နေမှာစိုးလို့ပါ ဘယ်လိုနည်းများ သုံးသင့်ပါလဲ။

Cytotec (ဆိုက်တိုတက်) ဆေးဟာ Misoprostol (မီဆိုပရိုစတော) ဖြစ်တယ်။ ဆေးဝါးဗေဒလိုပြောရင် Prostaglandin (ပရိုစတက်ဂလင်ဒင်) ဆေးဖြစ်တယ်။

အကိုက်အခဲပျောက်ဆေးကြောင့် အစာအိမ်လေနာဖြစ်မှာကို ကာကွယ်ဘို့ အရင်သုံးနေခဲတယ်။ လူကနေလဲ အလိုလို ထုတ်ပေးနေတယ်။ 100 နဲ့ 200 mcg ဆိုပြီးလာတယ်။ တနေ့ ၄ ကြိမ်ပေးတယ်။ ကိုယ်ဝန်ဆောင်နေချိန်မှာ မပေးရဘူး။ ကိုယ်ဝန် ပျက်နိုင်တယ်။ ကလေးကိုထိခိုက်နိုင်တယ်။ စောမွေးစေနိုင်တယ်။ သွေးဆင်းများနိုင်တယ်။ ရှားရှားပါးပါး သားအိမ်ကွဲတာလဲ ဖြစ်ဘူးတာရှိတယ်။ ဘေးထွက်-ဆိုးကျိုး = ဗိုက်နာ၊ ဝမ်းပျက်၊ ခေါင်းကိုက်၊ ပျို့-အန်-လေတက်။
တချို့ဆရာဝန်တွေက ကိုယ်ဝန်တားဘို့ရာ (ကောပါး-တီ) မထည့်ခင်မှာ သားအိမ်ဝကို ကျယ်စေ-ပြော့စေဘို့အတွက် ဒီဆေးကို သုံးတတ်တယ်။ အထူးသဖြင့် ကလေး မမွေးဘူး သေးတဲ့ အမျိုးသမီးတွေ။

တချို့ဆေးရုံတွေက ကလေးမွေးတဲ့အခါ သားအိမ်အဝ ကျယ်စေဘို့အတွက် သုံးတယ်။ မွေးလမ်းကြောင်းထဲကို ဆေးပြားကို ချေပြီး (သေးအောင်ခွဲပြီး) ထည့်ပေးတယ်။ ပါးစပ်ကလဲ သောက်နိုင်တယ်။ ကိုယ်ဝန်ဖျက်ဘို့အတွက်လဲ သုံးတာရှိတယ်။

ဒါပေမဲ့ ၁၉၉၉ American College of Obstetricians and Gynecologists အမေရိကန် သားဖွါး-မီးယပ် ကောလိပ်က ဆရာဝန်တွေက သားအိမ်ကွဲနိုင်တာကို သတိပေးထား တာတယ်။ FDA က အသိအမှတ် ပြုမထားဘူး။

ဒေါက်တာတင့်ဆွေ (၁၅-၁-၂ဝ၁၂)

Sun, Jan 15, 2012 at 4:34 PM
ကျတော်က (့) မှာနေတာပါ။ ကျနော်က (့) က အလုပ်နဲ့ ပြန်အလား အရင်က ကျနော့် ကောင်မလေးတစ်ယောက်နဲ့ အကာအကွယ် မသုံးပဲ အတူအိပ်ဖြစ်သွားပါတယ်။

အိမ်ထောင်တည်လည်း ဖြစ်ပါတယ်။ အခု သူ့မှာ မမျှော်လင့်ပဲ ကိုယ်ဝန် ရှိနေတယ်လို့ ပြောပါတယ်။ ဆက်ဆံကတည်းကဆိုရင် တစ်လရှိပါပြီ။ ချစ်သူတွေ မဟုတ်သလို၊ နာလည်မှုနဲ့ ဆက်ဆံဖြစ်သွားတော့ မလိုချင်ပဲ ကိုယ်ဝန်ဖြစ်သွားတာပါ။ တာဆေးစားမယ်ဆိုရင် နောက်မကျနိုင်ဘူးလား။ ကိုယ်ဝန်ကို ဖျက်ချမှဖြစ် နိုင်မှာပါ။ ဘာဆေးနဲ့ ဘယ်လိုသုံးရမယ်၊ ဘယ်လိုလုပ်ရမယ်ဆိုတာ ပြောပြပေးပါအုံးခင်ဗျ။

ဆရာက ကိုယ်ဝန်ဖျက်မပေးပါ။ ဆေးလဲ မညွှန်ပါ။ ဆေးပညာ သုတအနေဲ့တော့ ခေါင်းစဉ်စုံအောင်ရေးပါတယ်။ ဆရာ့ (ဆိုက်)တွေထဲမှာ စာရိုက်ပြီး အားလုံးကို ရှာဖတ်နိုင်ပါတယ်။

2011/12/26
နားနဲ့မနာ ဖဝါးနဲ့နာပါဆရာ။ ကျွန်မ အသက်က (၂၅) နှစ်ရှိပါပြီ။ ၂၂-၁ဝ-၂ဝ၁၁ နေ့က ကျွန်မရဲ့ Menstruation နောက်ဆုံး လာတဲ့နေ့ပါ။ ၂၉-၁ဝ-၂ဝ၁၁ နေ့ကျတော့ အမျိုးသားနဲ့ အတူနေဖြစ်ပါတယ်။ ရက်ရှောင်နည်းအရ နေလိုက်တာပါ။ လွတ်မယ်လည်း ထင်မိတာပါ။ ဒါပေမဲ့ (၁၁) လပိုင်းထဲမှာ Menstruation မလာတော့ဘူး။ အဲဒါနဲ့ ရာသီပေါ်ဆေး Penorit ကို ၂ ရက်ဆက် သောက်ပါတယ်။ အဆင်မပြေပါဘူးရှင်။ နောက်မှ မသင်္ကာတာနဲ့ စစ်ကြည့်တော့ Pregnancy ဖြစ်နေပါတယ်။ အရမ်း ကြောက်သွားပါတယ်။ ကလေးယူဖို့ ဘာမှ အဆင်သင့် မဖြစ်သေးချိန်မို့ပါ။ အဲဒါနဲ့ သူငယ်ချင်းတစ်ဦးရဲ့ အကြံပေးမှုအရ Mifepristone 2.5 mg (6) လုံးကို တစ်နေ့ ၂ ကြိမ် (မနက် ၁/ ည ၁ လုံး) နဲ့ ၃ ရက်သောက်ပြီး ၄ ရက် မြောက်နေ့မှာ Misoprostol 0.5 mg ၃ လုံး သောက်ရမယ်ဆိုလို့ သောက်နေပါတယ်။ Mifepristone ဆေးသောက်တာ ဒီနေ့ ၂၆-၁၂-၂ဝ၁၁ ဆို ၂ ရက်ရှိပါပြီ။ ဆေးကလည်း ဈေးအရမ်းကြီးပါတယ်။ ဝယ်ရတာလည်း ခက်ပါတယ်။ ဝယ်သောက်ပြီး effect မဖြစ်မှာလည်း စိုးပါတယ်။

"Medical abortion ကိုယ်ဝန်ကို ဆေးသုံး ဖျက်ခြင်း" ကို ပို့လိုက်ပါတယ်။ ပို့ပြီးတော့ ဒီစာတပုဒ် ဆက်ရေးပါတယ်။ "Penorit ဆေးဆိုတာဘာလဲ" ကိုလဲ ရေးထားပါတယ်။

15.01.2012
အခုလိုပြန်ဖြေပေးတာကိုကျေးဇူးအရမ်းတင်ပါတယ်ဆရာ။ ကျွန်မကို တစ်ခုလောက်ထပ် မေးခွင့်ပြုပါဆရာရှင့်။ အရင်ရက်က ပြောခဲ့သလိုပဲ Mifepristrone နဲ့ Misoprostol သုံးပြီးသွားတဲ့အခါမှာ သွေးဆင်းပါတယ်ရှင့်။ ဒါပေမဲ့ သွေးဆင်းပြီးတဲ့အခါ ဆီးစစ်ကိရိယာနဲ့ စစ်ကြည့်လိုက်တော့ Pregenancy ဖြစ်နေတဲ့ Sign ပဲ ပြနေပါတယ်။ အဲဒီနောက် ကျန်နေမှာစိုး တာနဲ့ Misoprostol 800 mcg ကို Vagina ထဲထည့်တော့ လည်းဘာမှဆက် မဆင်းတော့ပါဘူးရှင့်။ ကျွန်မဘာဆက်လုပ်သင့်ပါသလဲရှင့်။

ကိုယ်ဝန်ရှိ-မရှိ ဆီးစစ်တာဟာ ဆီးထဲမှာ အချင်းနဲ့ဆိုင်တဲ့ဟော်မုန်းကို စစ်တာဖြစ်တယ်။ ကိုယ်ဝန်ပျက်သွားပေမဲ့ သွေးထဲမှာ ဒီဟော်မုန်း မကုန်သေးမချင်း ဆီးထဲမှာ ပါနေမယ်။ ဆီးစစ်ရင်တွေ့နေအုံးမှာဘဲ။

ယမုန်နာဆေးခန်း - မလိုချင်တဲ့ ကိုယ်ဝန် အမေး-အဖြေများ (၁)
By HIM


ပို့စ်လေးတွေကိုသဘောကျလို့ အားပေးချင်တယ်ဆိုရင် ကြော်ငြာလေးများကို ၁ခုကို ကလစ် ၁ချက်လောက်နှိပ်ပြီး ကူညီပေးပါအုံးခင်များ

 အမှားပါရင် ဝေဖန်အကြံပေးတဲ့အနေနဲ့ comment ရေးပေးသွားပြီးအကြံပြုပေးသွားစေချင်ပါတယ်။ ကျွန်တော် ကိုယ်တိုင်ကလည်းကျွမ်းကျင်တဲ့ပညာရှင် တစ်ယောက်မဟုတ်လေတော့ကာခွင့်လွှတ်ပေးကြပါလို့... စေတနာအပြည့်နဲ့ အလကား ပေးချင်ရုံ သက်သက်ပါလို့ ကျေးဇူးတင်ပါတယ်။ အဆင်ပြေကြပါစေ...ဆက်လက်ကြိုးစားပါအုံးမည်....

1 Comments

Previous Post Next Post

Credit

"Thank For All Ebook PDF Creator And Author"